ဒီနေ့တော့ သာကူမုန့်ဖက်ထုတ် စားချင်တာနဲ့ ငှက်ပျောရွက် ရလိုရငှါး ဈေးသွားခဲ့ပေမဲ့ ရွှေထက်ရှားလွန်းတဲ့ ငှက်ပျောရွက်က ရမလာခဲ့ပါဘူး။
ဒီတော့လဲ ကိုင်း ဖြစ်ချင်ရာဖြစ်ပေါ့ ကြံဖန်ပြီး လုပ်ကြည့်အုံးမယ်ဆိုပြီး လုပ်ကြည့်လိုက်တာ အဆင်ပြေတာမှာ ၁၀၀% အလွန်ပါဘဲ။
နောက်ဆို ငှက်ပျောရွက် မရလဲ မုန့်ဖက်ထုတ်လေး စားချင်လာပြီဆိုရင် အလွယ်တကူ လုပ်စားလို့ရပြီမို့ မာမာပြင်ဆင်တဲ့နည်းလေး မျှဝေပေးလိုက်ပါတယ်။
မုန့်ဖက်ထုတ်လို့ အရသာတူလို့ခေါ်လိုက်ပေမဲ့ တကယ်တမ်းကျတော့ ဖက်နဲ့ပါတ်သက်တာ တခုမှမပါလို့ သာကူမုန့်လုံးကြီးလို့ဘဲ အလွယ်ပြောလိုက်ခြင်းသာပါ။
ပါဝင်ပစ္စည်းများ (၁၀ခုစာ)
- သာကူစေ့ - 250 g
- သကြား - 50 g
- အုန်းသီးမှုန့်အခြောက် - 200 g
- ရေ ထမင်းစားဇွန်း - ၃ဇွန်း
- ဆီ - ထမင်းစားဇွန်း တ၀က်
- သာကူပေါင်းရန် ပန်းကန်လုံးလေးများ - ဆယ်ခု
- ပေါင်းအိုးတစ်လုံး
ပြင်ဆင်ပုံ
- သာကူစေ့ကို ဇလုံထဲထည့်ပြီး ရေ၂ကြိမ် လှုပ်ပြီးဆေးကာ ရေစစ်ပြီး နာရီဝက်လောက် နှပ်ထားပါ
- အိုးတလုံးထဲကို ရေထည့်ပြီး သကြားကို ထမင်းစားဇွန်း တဇွန်းချန်ပြီးထည့်ကာ ၂မိနစ်လောက် မွှေပေးပါ
- ပြီးတာနဲ့ အုန်းသီးမှုန့်ကို ထည့်ပြီး ၄မိနစ်လောက် မွှေပေးပါ
- အုန်းသီးအရောင် နည်းနည်းတက်လာတာနဲ့ မီးပိတ်ပြီး အအေးခံထားပါ
- အုန်းသီးအေးတာနဲ့ ကွမ်းသီးဆံ အလုံးလောက် အလုံး၁၀လုံးရအောင် လုံးထားပါ
- အခုလုပ်တဲ့ အုန်းသီးအခြောက်မှုန့်က အချိုအရသာ ပါပြီးသားမို့ အုန်းသီးအစိုမှုန့်နဲ့ လုပ်မယ်ဆိုရင် သကြားနည်းနည်း ပိုထည့်ပေးပါ
- သာကူစေ့ နှပ်ထားတာ နပ်တာနဲ့ သာကူစေ့ထဲ သကြား ထမင်းစားဇွန်း တဇွန်းထည့်ကာ နယ်ပေးပါ
- နယ်ပြီးတာနဲ့ လက်ငါးချောင်းထိပ်ဖျား ပါသလောက် လက်တညှစ်စာယူကာ ၁၀လုံးရအောင် လုံးထားပါ
- အားလုံးအဆင်သင့်ဖြစ်တာနဲ့ သာကူတလုံးခြင်းယူကာ လက်ဝါးတဖက်ပေါ်တင်ပြီး ကျန်လက်တဖက်ရဲ့ လက်လေးချောင်းနှင့် မုန့်လုံးကို ထိမ်းကာ လက်မနှင့် အလယ်ကိုဖိပြီး အလယ်မှာ ခွက်ကလေးရအောင်လုပ်ပေးပါ
- ခွက်ပုံစံလေး ရတာနဲ့အုန်းသီးဌါပနာကို ထည့်ပေးကာ သာကူဖတ်လေးများကို လက်မနှင့် လက်ညှိုးတို့က ထိမ်းပြီး အသာအယာ တွန်းကာ အုပ်ပေးပါ
- ဆယ်လုံးစလုံး အစာသွပ်ပြီးပါက ပေါင်းရန်ပြင်ပေးပါ
- ပေါင်းအိုးအောက်ခံအိုးကို ရေတ၀က်သာသာ ထည့်ပြီးဆူအောင် တည်ထားပါ
- ပေါင်းမည့်ပန်းကန်လုံးများကို ဆီသုတ်ပေးပြီး သာကူလုံး တလုံးစီ ထည့်ပေးပါ
- ပေါင်းအိုးအောက်ခံ ရေအိုးဆူလာတာနဲ့ သာကူလုံး ထည့်ထားသော ပန်းကန်များကို ပေါင်းဇကာထဲ စီပြီးထည့်ကာ အဖုံးအုပ်ပြီး ပေါင်းပေးပါ
- ၁၅မိနစ်လောက် ပေါင်းပြီးပါက သာကူသား ကြည်လာပြီဆိုရင် သာဂူမုန့်လုံးကြီလေးများး ရပါပြီ
- သာကူလုံး ပူနေတုန်းလေး စားပါက ပိုကောင်းပါတယ်
- သာကူလုံး အေးသွားမှ စားရင်တော့ သာကူက ပေါင်းထားတဲ့အတွက် မာသွားတတ်ပါတယ် ။
No comments:
Post a Comment