ဒီနေ့တော့ ပဲကြာဇံကို ချဉ်ငံစပ်လေး အသုပ်လေး သုပ်စားဖြစ်လို့ထမင်းနဲ့ဘဲစားစား ဒီအတိုင်းဘဲ စားစား အရမ်းကို ကောင်းလွန်းတဲ့ ပဲကြာဇံသုပ် ချဉ်ချဉ်ငံငံစပ်စပ် သုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
တစ်ပွဲစာအတွက် ပါဝင်ပစ္စည်းများ
- ပဲကြာဇံ - 100 g
- မှိုခြောက် - 30 g
- ဂေါ်ဖီ - အနေတော် တစ်စိတ်
- ကြက်သွန်နီ - အနေတော် တစ်ခြမ်း
- သံပုရာသီး - တစ်စိတ်
- နံနံပင် - အနည်းငယ်
- ပုဇွန်ခြောက်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်း
- ပဲအကျက်မှုန့်. - ထမင်းစားဇွန်း တစ်ဇွန်း
- ငရုတ်သီးအလှော်မှုန့် - ထမင်းစားဇွန်း တစ်ဝက်သာသာ
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
- ငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
- ဆီချက် - ထမင်းစားဇွန်း နှစ်ဇွန်းခွဲ
ပြင်ဆင်ပုံ
- ပဲကြာဇံကို ရေနာရီဝက်လောက် စိမ်ပြီး ရေနွေးပူပူနှင့် သုံးမိနစ်လောက် စိမ်ပေးကာ ရေစစ်ထားပါ
- မှိုခြောက်ကို ရေတစ်နာရီခန့် စိမ်ပေးပြီး ရေစင်အောင်ဆေးကာ ရေနွေးပူပူနှင့် ၂မိနစ်လောက် ပြုပ်ပေးကာ အနေတော် လှီးထားပါ
- ဂေါ်ဖီကို ရေစင်အောင်ဆေးပြီး ခပ်ပါးပါး လှီးထားပါ
- နံနံပင်ကို ရေဆေးပြီး ခပ်ကြမ်းကြမ်း လှီးထားပါ
- ကြက်သွန်နီကို အခွံခွာပြီး ရေစင်အောင် ဆေးပေးကာ ခပ်ပါးပါး လှီးထားပါ
- အသုပ်သုပ်ရာတွင် ပါဝင်သော ပါဝင်ပစ္စည်းများကို ပြင်ထားပါ
- ဇလုံကျယ်ကျယ် တစ်လုံးထဲမှာ ပဲကြာဇံ မှိုခြောက် ဂေါ်ဖီ ကြက်သွန်နီ ပဲမှုန့် ငရုတ်သီးမှုန့် ဆီချက် ငံပြာရည် ပုဇွန်ခြောက်မှုန့် အရသာမှုန့် နံနံပင် သံပုရာရည်တို့ကို ထည့်ပြီး ခပ်ဖွဖွ နယ်ပေးကာ အရသာမြည်းပြီး လိုသလိုပြင်ပါ
- ပြီးတာနဲ့ အရသာ အလွန်ရှိလှသော ပဲကြာဇံသုပ် ချဉ်ငံစပ်လေးကို သုံးဆောင်ရန် ပြင်ပေးနိုင်ပါပြီ။
စားချင်စဖွယ်
ReplyDelete