Thursday 15 October 2015

ကြက်သား အုန်းနို့ခေါက်ဆွဲ


အုန်းနို့ခေါက်ဆွဲကို ပုဇွန်ခေါင်းချိုး ပုဇွန်ထုတ် ပုဇွန်ဘော့ချိတ် ပဲပြား အသားတု  ကြက်သားတို့နဲ့ အဆင်ပြေအောင် ချက်တဲ့ထဲမှာ မာမာ့အမေက တော်တော်လေး ကျွမ်းကျင်ပါတယ်။

အခုလဲ အမေချက်တဲ့ နည်းအတိုင်း ကြက်သားဆီသတ်နဲ့ အုန်းနို့ခေါက်ဆွဲကို မာမာချက်ဖြစ်လို့ ချက်နည်းလေး မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ (၅ယောက်စာ )

  1. ကုလားပဲ အစိမ်းမှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူး
  2. ကြက်သွန်နီ - အလုံးကြီးကြီး နှစ်ဥ
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၄ မွှာ
  4. ကြက်သွန်နီ - အလုံးသေး ၇ ဥ
  5. အုန်းနို့ ချက်ပြီးသား - ထမင်းစားဇွန်း ၃ဇွန်းသာသာ
  6. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာ
  7. ငံပြာရည်  - ထမင်းစားဇွန်း ၄ဇွန်း
  8. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  9. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  10. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  11. သကြား - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  12. ခေါက်ဆွဲဖတ် သို့မဟုတ် နန်းပြားဖတ် - 1500 g
  13. ကြက်သား - 250 g
  14. ဆီ - ထမင်းစားဇွန်း ၅ဇွန်း
  15. ဘဲဥ - သို့မဟုတ် ကြက်ဥ ၅လုံး ပြုပ်ထားပါ
  16. သံပုရာသီး - လိုသလောက် သုံးပါ
  17. ကြက်သွန်မိတ် - အနည်းငယ်

ကြက်သားဆီသတ်ရန်
  • ကြက်သားကို ရေဆေးပြီး အရိုးအသား ရောကာ အနေတော် အတုံးလေးများ ခုတ်ပေးပါ
  • ခုတ်ပြီးသော ကြက်သားကို ဆားလက်ဖက်ရည်ဇွန်း တ၀က် အချိုမှုန့်လက်ဖက်ရည်ဇွန်း တ၀က်  နနွင်းမှုန့်. လက်ဖက်ရည်ဇွန်း လေးပုံတပုံ ငံပြာရည် ထမင်းစားဇွန်း တဇွန်းတို့နဲ့ နယ်ထားပါ
  • ကြက်သွန်နီ အလုံးကြီးကို အခွံခွာပြီး ရေဆေးကာ ပါးပါးလှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေေေးကာ ခပ်နုတ်နုတ် လှီးထားပါ
  • ဆီကိုအပူပေးပြီး နနွင်းမှုန့် ကြက်သွန်နီ ကြက်သွန်ဖြူတို့ကို နွမ်းအောင်ထည့်ကြော်ပေးပါ
  • ကြက်သွန်များ နွမ်းလာပါက ငရုတ်သီးမှုန့်ထည့်ပြီး မွှေးလာအောင် မွှေပေးပါ
  • ငရုတ်သီးနံ့မွှေးလာပါက ကြက်သားကိုထည့်ပြီး ဆီသတ်ပေးပါ
  • ဆီသတ်နေစဉ် ကြက်သားမာလာပါက ရေအနည်းငယ်ထည့်ပြီး ရေခမ်းအောင် တည်ပေးပါ 
  • ကြက်သားမာပြီး ဆီပြန်လာပါက ဟင်းရည်ချက်ရန် ရပါပြီ။

အုန်းဆီချက်ရန်
  • အုန်းသီးကို သုံးပါက အုန်းသီးကို ခြစ်နဲ့ခြစ်ပြီး အုန်းသီးမှုန့်များကို ရေနွေးပူပူလေး နဲနဲခြင်းလောင်းပြီး နယ်ပါ
  • ရေနွေးကို နည်းနည်းခြင်းဘဲ ထည့်ပြီးနယ်လိုက် အရည်ယူလိုက် လုပ်ပါ
  • ရေအရမ်းများစေရန် သတိထားပြီးနယ်ပါ
  •  ရေများပါက အုန်းဆီချက်လျှင် ကြာတတ်ပါတယ်
  • အုန်းနို့များ ထွက်လာပါက အဖတ်များ မပါအောင် အ၀တ်ပါးထဲ ထည့်ပြီး ညှစ်ချပါ
  • ရလာသော အုန်းနို့ကို ဆီထမင်းစားဇွန်း ၅ဇွန်းခန့်ထည့်ပြီး အုန်းဆီဖတ်လေး ရတဲ့အထိ အုန်းဆီချက်ပေးထားပါ
  • Ready made အုန်းနို့ဗူးကို သုံးပါက အုန်းနို့ကို အိုးထဲပြောင်းထည့်ပြီး ဆီထမင်းစားဇွန်း ၅ဇွန်းထည့်ပြီး အုန်းဆီဖတ်လေးများ ရတဲ့အထိ ချက်ပေးပြီး ပန်းကန်ထဲ ပြောင်းထည့်ထားပါ။
ဟင်းရည်ချက်ရန်
  • ကုလားပဲ အစိမ်းမှုန့်ကို ရေ 2 cups နှင့် ကျေအောင်ဖျော်ပေးပါ
  • ပဲများကျေသွားပါက မီးဖိုပေါ်တင်ပြီး အဆက်မပြတ် မွှေပေးပါ
  • ၅မိနစိလောက် မွှေပေးပြီးပါက ပဲများ ဥလာပြီဆိုရင် ဆီသတ်ထားသော ကြက်သားကို ဟင်းရည်အိုးထဲကို ထည့်ပါ
  • အခွံခွာထားသော ကြက်သွန်နီ ဥလေးများထည့်ပါ
  • ရေ 5 cups ထည့်ပြီး ဆား ငံပြာရည် သကြားတို့ထည့်ကာ ဟင်းရည်ဆူအောင် တည်ပါ
  • ဟင်းရည်ဆူကာ ကြက်သွန်ဥလေးများ နူးပါက အပေါ့အငံမြည်းပြီး ပြုပ်ပြီးသား ဘဲဥတစ်လုံးကို ပါးပါးလှီးထည့်ကာ မီးပိတ်ပြီး သုံးဆောင်နိုင်ပါပြီ။
တစ်ပွဲစာပြင်ရန်
  • ကြက်သွန်နီကို အခွံခွာပြီးရေဆေးကာ ခပ်ပါးပါးလှီးပြီး ရေဆေးထားပါ
  • ဘဲဥကိုပြုပ်ထားပြီး အခွံခွာကာ အနေတော် လှီးထားပေးပါ
  • ငရုတ်သီးအလှော်မှုန့် လိုသလောက် ထည့်ပေးပါ
  • သံပုရာသီးကို အစိတ်လေးများ စိတ်ထားပေးပါ
  • ကြက်သွန်မိတ်ကို ရေဆေးပြီး အနေတော် လှီးထားပေးပါ
  • အကြော် ငါးဖယ်ကြော်တို့ကို နှစ်သက်ပါက ပြင်ထားပေးပါ
  • ပန်းကန်တခုထဲ ခေါက်ဆွဲဖတ်ထည့်ကာ အားလုံးကို အနည်းငယ်စီ ထည့်ပေးထားပြီး ဟင်းရည်ထည့်ကာ သုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment