Tuesday, 20 October 2015

ချဉ်ငံစပ် ငါးပြေမဟင်း


ငါးပြေမ အဆင်သင့်ချက်ရုံ ဗူးလေးတွေနဲ့လာတာမို့ ကိုင်ရခုတ်ရတာ သက်သာတဲ့အတွက် အချဉ်ဆီပြန်ဟင်းလေး ချက်ဖြစ်သွားတာနဲ့ ချက်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ငါးပြေမ- 500 g
  2. ထောင်းထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
  3. ထောင်းထားသော ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  4. ထောင်းထားသော ချင်း - လက်တစ်ဆစ်ခန့်
  5. ငရုတ်သီး အရောင်တင်မှုန့်. - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  6. မကျီးမှည့်အနှစ် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  7. ငရုတ်သီးစိမ်း - ၁၀ တောင့်
  8. နံနံပင် - နှစ်သက်သလောက်
  9. ငံပြာရည် - ထမင်းစားဇွန်း ၂ဇွန်း
  10. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  11. ဆီ - ထမင်းစားဇွန်း လေးဇွန်း
  12. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  13. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်

ငါးအရသာနယ်ရန်
  • သန့်စင်ပြီး ရေစင်အောင် ဆေးထားသောငါးပြေမကို ဇလုံကျယ်ကျယ်ထဲထဲ့ပါ
  • ဆားလက်ဖက်ရည်ဇွန်း တစ်ဝက်သာသာနှင့်ငံပြာရည် ထမင်းစားဇွန်း တဇွန်းတို့ထဲ့ပါ
  • နနွင်းမှုန့်လက်ဖက်ရည်ဇွန်း လေးပုံတပုံနှင့် အရသာမှုန့် ငရုတ်ကောင်းမှုန့်တို့ထဲ့ပါ
  • အားလုံးထဲ့ပြီးပါက အရသာဝင်စေရန် ငါးကိုဆုတ်ပြီးနယ်ပေးပါ
ဟင်းချက်ရန်
  • အရင်ဆုံးဆီကို ပူအောင်တည်ပေးပါ
  • ဆီပူလာပါက နနွင်းမှုန့်လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံတို့ကိုအရင်ထဲ့ပြီး ထောင်းထားသော ချင်း ကြက်သွန်ဖြူ နီနှင့် ငရုတ်သီးမှုန့်တို့ကို ၂မိနစ်လောက် မွှေးလာတဲ့ထိထဲ့မွှေပါ
  • ဆီသတ်နံ့မွှေးလာတာနဲ့ အရသာနယ်ထားတဲ့ ငါးကိုထဲ့ပြီး ငါးအသားမာလာတဲ့ထိ အိုးကိုလှုပ်ပေးပါ
  • ငါးအသားမာတာနဲ့ရေမြုပ်အောင်ထဲ့ ငံပြာရည် ထမင်းစားဇွန်းတစ်ဇွန်းထဲ့ပြီး အိုးအဖုံးအုပ်ပြီးတည်ပေးပါ
  • ရေဆူလာတာနဲ့မကျီးမှည့်အနှစ် ငရုတ်သီးစိမ်းတောင့်တို့ကိုထဲ့ပြီး ဆီပြန်တဲ့အထိတည်ပေးပါ
  • ဆီပြန်လာပါက အရသာမြည်းပြီး နံနံပင်အုပ် မီးပိတ်ပေးပါ
  • နံနံပင်နံ့သင်းသင်းလေးနဲ့ ချဉ်ငံစပ်အရသာကောင်းတဲ့ ငါးပြေမ ဆီပြန်ဟင်းလေးရပါပြီ

No comments:

Post a Comment