Friday 9 October 2015

ဆယ်လမွန်ငါး အချဉ်ဆီပြန်


ဒီနေ့တော့ မာမာ ဆယ်လ်မွန်ငါးကို ဆီကျန်ရေကျန် ချဉ်ရည်ဟင်း ယောင်ယောင်လေး ချက်ထားပါတယ် ဆယ်လ်မွန်ငါးဆို ကင်ချင်ကင်မယ် ကြော်ချင်ကြော်မယ် ဆိုတဲ့အထဲက ဆန်းသစ်ထားတဲ့ ဟင်းလေးပါ မြန်မာပြည်က ငါးမြင်းဟင်းထက် အဆပေါင်းများစွာ ပိုပြီးကောင်းလေတော့ ငါးမြင်းမရှိတဲ့ ဒေသမှာ ဆယ်လ်မွန်ငါးက အာသာဖြေရာ တခုဖြစ်လာပါတော့တယ် ဒါကြောင့်မို့ မာမာချက်တဲ့ နည်းလေးကို မျှဝေချင်ပါတယ်။


ပါဝင်ပစ္စည်းများ

  1. အရည်ခွံမပါသော ဆယ်လ်လမွန်ငါး - 300 g
  2. ကြက်သွန်နီ - အနေတော် တစ်လုံး
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
  4. ချင်း - လက်တစ်ဆစ်ခန့်
  5. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  6. နနွင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက် (ငါးအရသာနယ်နှင့် ဆီသတ်ရာတွင် တ၀က်ဆီခွဲသုံးပါ)
  7. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  8. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဝက်
  9. ငရုတ်သီးအရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  10. မကျည်းသီးမှည့် - ကွမ်းသီးဆံ အလုံးလောက်
  11. ရှမ်းနံနံ - ၁၀ရွက်

ပြင်ဆင်ပုံ
  1. အရည်ခွံပါတဲ့ ဆယ်လ်မွန်ငါးကို ရဆေးပြီး လက်နှစ်လုံးသာသာ အတုံးလေးများ တုံးထားပါ
  2. တုံးထားသောငါးကို ဆား နနွင်း အရသာမှုန့်တို့နဲ့ ခပ်ဖွဖွ ဆုတ်ပြီး နယ်ထားပါ
  3. မကျည်းသီးမှည့်ကို ရေအေးနှင့် ခပ်ဖွဖွ တထပ်ဆေးပြီးမှ ရေနွေးလက်ဖက်ရည် ပန်းကန်လုံး တစ်လုံးစာလောက်နှင့် စိမ်ထားပါ
  4. ကြက်သွန် အဖြူ အနီ ချင်း ငရုတ်သီးမှုန့်တို့ကို ညက်နေအောင် ရောပြီးထောင်းထားပါ
  5. အားလုံးအဆင်သင့်ဖြစ်တာနဲ့ ဇောက်နက်သော ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ
  6. ဆီပူတာနဲ့ နနွင်းမှုန့်ထည့်ပြီး ငရုတ်သီးထောင်းကို ထည့်ကာ မွှေးလာတဲ့ထိမွှေပေးပြီး ဆီသတ်ပါ
  7. ငရုတ်သီးနံ့ မွှေးလာတာနဲ့ အရသာနယ်ထားသော ငါးကိုထည့်ပြီး မမွှေဘဲ အိုးကို အသာအရာလေး လှုပ်ပေးပါ
  8. ငါးအသားမာလာတာနဲ့ ငံပြာရည် ရေလက်ဖက်ရည်ပန်းကန်လုံးတ၀က်နှင့် မကျည်းနှစ်ရည်ဖျော်ပြီး အဖတ်များဖယ်ကာ အနှစ်များ ထည့်ပေးပါ
  9. ပွက်ပွက်ဆူပြီး ဆီကျန်ရေကျန်ချိန်လေးမှာ ရှမ်းနံနံရွက်အုပ်ကာ အရသာမြည်းပြီး လိုသလိုပြင်ကာ စားပွဲပြင်နိုင်ပါပြီ။

No comments:

Post a Comment