Saturday 17 October 2015

မုံလာဥ ချဉ်ရည်ဟင်း




အနီရောင် မုံလာဥသေးသေးလေးတွေကို ပင်လယ်စာ သားငါးအစုံနဲ့ ရောပြီး ချဉ်ရည်ဟင်း တမယ်ချက်ထားပါတယ်
ချက်နည်းကတော့ ချဉ်ရည်ဟင်း ချက်နည်းရိုးရိုးလေးပါဘဲ ဒါပေမဲ့ အရည်သောက်ဆမ်းလေးက အရသာရှိလွန်းလို့ ချက်နည်းလေး မျှဝေလိုက်ပါတယ်

ပါဝင်ပစ္စည်းများ

  1. အနီရောင် မုံလာဥ - ၁၈ဥ
  2. ကြက်သွန်နီ - တစ်ခြမ်း
  3. ကြက်သွန်ဖြူ - နှစ်မွှာ
  4. ချင်း - လက်တဆစ်၏ တစ်ဝက်
  5. ငရုတ်သီးမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  6. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  7. ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း
  8. ငံပြာရည် - ထမင်းစားဇွန်း သုံးဇွန်း
  9. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  10. မကျည်းမှည့် အနှစ် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းမောက်မောက်
  11. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  12. ပင်လယ်စာ သားငါးအစုံ  - 100 g 
  13. နံနံပင် - နှစ်သက်သလောက်

ပြင်ဆင်ပုံ
  1. မုံလာပင်နှင့် မုံလာဥကို သင့်သလိုလှီးပြီး ရေဆေးထားပါ
  2. ကြက်သွန်ဖြူ  ကြက်သွန်နီ ချင်းတို့ကို ငရုတ်သီးမှုန့်နှင့် ညက်နေအောင်ရောပြီး ထောင်းထားပါ
  3. ဇောက်နက်သောအိုးထဲမှာ ပင်လယ်စာ သားငါး အသီးအရွက်များ နနွင်းမှုန့် ဆား ငံပြာရည် အရသာမှုန့် ဆီနှင့် ငရုတ်သီးထောင်းတို့ကိုထည့်ပြီး နယ်ပေးပါ
  4. အရသာနယ်ပြီးပါက ရေအနည်းငယ်ထည့်ပြီး အရင်ဆုံး ရေဆူအောင်တည်လိုက်ပါ
  5. ရေဆူလာတာနဲ့ အထက်အောက် သမအောင်မွှေပေးပြီး အဖုံးအုပ်ကာ ပြန်တည်ထားပါ
  6. အသီးအရွက်များ တော်တော်လေး နွမ်းလာတာနဲ့ ရေလိုသလောက်ထည့်ပြီး ပွက်ပွက်ဆူအောင် ပြန်တည်ပေးပါ
  7. ရေပွက်ပွက်ဆူကာ အသီးအရွက်များ နူးလာပါက မကျည်းသီးအနှစ်ထည့်ပြီး ရေကို တမိနစ်လောက် ထပ်ဆူအောင်ထားလိုက်ပါ ပြီးတာနဲ့ နံနံပင်အုပ်ကာ အရသာမြည်းပြီး မီးပိတ်ပေးပါ
  8.  အနီရောင် မုံလာဥ ချဉ်ငံစပ် အရသာ မွှေးလွန်းတဲ့ ချဉ်ရည်ဟင်း ရပါပြီ။



No comments:

Post a Comment