ငယ်ငယ်ထဲက အရမ်းကြိုက်ခဲ့တဲ့ မုန့်လေးပါ အမေခနခန ကြော်ကျွေးတာမို့လို့ အရသာက လျှာမှာ စွဲနေလေတော့ စားချင်စိတ် ပေါ်လာတာနဲ့ ဒီနေ့ကြော်စားဖြစ်သွားပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ကြော်ဖြစ်ခဲ့တဲ့ ကြော်နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
- ဆန်မှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၁ဗူး
- ကောက်ညှင်းမှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၃ဗူး
- နူးအိနေအောင် ပြုပ်ထားသော ကုလားပဲခြမ်း - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၃ဗူး
- အုန်းသီးမှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၂ဗူး
- ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
- ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၁ဗူး (ခန့်မှန်းချေ)
- ဆီ - လိုသလောက် သုံးပေးပါ
- သကြား - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၁ဗူးခွဲ
ပြင်ဆင်ပုံ
- ကုလားပဲခြမ်းကို ရေဆေးပြီး ရေမြုပ်အောင်ထည့်ကာ နူးနေအောင် ပြုပ်ပေးပြီး အအေးခံထားပါ
- ပြုပ်ထားသောပဲများ အေးလာတာနဲ့ ဇလုံခပ်ကျယ်ကျယ် တလုံးထဲမှာ ပြုပ်ပြီးသားပဲများ ကောက်ညှင်းမှုန့် ဆန်မှုန့် သကြားနှင့် ဆားတို့ကို ထည့်ပေးပါ
- ရေကို အိုးတစ်လုံးထဲမှာ ထည့်ပေးပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
- ရေဆူလာတာနဲ့ အမှုန့်ထည့်ထားသော ဇလုံထဲကို နည်းနည်းချင်း ထည့်ပေးပြီး နယ်ပေးပါ
- မုန့်သားပျော့လာတဲ့အထိ ရေကိုထည့်ပြီး နယ်ပေးပါ
- အုန်းသီးခြစ်ပြီးသား အစိုကိုသုံးပါက မုန့်သားစပ်ရာတွင် ရေကိုထည့်သင့်မှ ထည့်ပေးပါ
- ကုလားပဲပြုပ်နှင့် အုန်းသီးတို့မှာ အရည်ပါဝင်တဲ့အတွက် အရမ်းမပျော့စေရန် သတိထားပါ
- ရေကို ချင့်ချိန်ပြီး ထည့်ပေးပါ ရေအရမ်းများရင်လဲ မုန့်သားက ပျော့ပြဲပြီး လုံးလို့
- မရဘဲ ဖြစ်တတ်ပါတယ်
- မာမာက အုန်းသီးမှုန့် အခြောက်နဲ့ လုပ်တဲ့အတွက် ရေအနည်းငယ် ထည့်သုံးပါတယ်
- မုန့်သားအနေတော်ဖြစ်ပါက မုန့်ကြော်ရာတွင် ဆီမပေါက်စေရန် အနည်းဆုံး နှစ်နာရီလောက် နှပ်ထားပေးပါ
- မုန့်သားနှပ်ထားတုန်း သကြား ထမင်းပေါင်းအိုး ဆန်ချင်ဗူး တဗူးခွဲကို ရေ တမင်းပေါင်းအိုး ဆန်ချင်ဗူး ၃ဗူးထည့်ပြီး ခပ်ပြစ်ပြစ် အနေအထားရအောင် ကျိုထားပေးပါ
- မုန့်သားနှပ်ထားချိန် လုံလောက်ပါက မုန့်သားကို လောက်စာလုံး သာသာလောက် အလုံးလေးတွေလုံးပေးပါ
- ဆီကိုပူအောင်တည်ပြီးမှ မုန်းသားအလုံးကို လက်ဝါးနှစ်ဖက်ကြားထည့်ပြီး ဝိုင်းနေအောင် ထပ်လုံးပေးပြီး ဆီအိုးထဲထည့်ပေးပါ
- မုန်လုံးလေးများ ရွှေဝါရောင် သန်းလာပါက ဆယ်ပြီး ဆီစစ်ပေးပါ
- ဆီစစ်သွားပါက အအေးခံထားသော သကြားရည်ထဲ စိမ်ထားကာ မွှေးပြီးစိမ့်နေတဲ့ အောင်ဗလကြော်ကို စားသုံးရန် ပြင်ပေးနိုင်ပါပြီ။
No comments:
Post a Comment