နန်းကြီးသုပ် သုပ်စားမယ်လို့ စိတ်ကူးတိုင်း လူမညီတာရယ်ကြောင့် မစားဖြစ်တာက များပါတယ် အခုတော့ စားချင်စိတ်လေးကို ပါရမီဖြည့်ရင်း ချက်ပြုပ်ပြင်ဆင်လိုက်ပြီမို့ မာမာချက်နဲ့ နည်းလေး မျှဝေလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ (၁၀ယောက်စာ)
- နန်းကြီး ခေါက်ဆွဲဖတ် - 400 g တစ်ထုတ်
- ကြက်သား - 350 g
- ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ (ဟင်းချက်ရန် ခပ်နုတ်နုတ် စင်းထားပါ)
- ကြက်သွန်နီ - အနေတော် ငါးလုံး (ဟင်းချက်ရန် ခပ်နုတ်နုတ် လှီးထားပါ)
- ကြက်သွန်နီ - အလုံးကြီးကြီး သုံးလုံး (အသုပ်ထဲထည့်သုပ်ရန်)
- ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ (ဟင်းခါးချက်ရန်)
- ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း သုံးဇွန်း (ကြက်သားဆီသတ်ရန်)
- နနွင်းမှုန့် - လိုသလောက် သုံးပေးပါ
- ဆား - လိုသလောက် သုံးပေးပါ
- ငါးငံပြာရည် - လိုသလောက် ပြင်ပေးပါ
- ဆီ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး သုံးဗူး
- အရသာမှုန့် - လိုသလောက် သုံပေးးပါ
- ပဲအကျက်မှုန့် - လိုသလောက် သုံးပေးပါ
- ပဲအစိမ်းမှုန့် - ထမင်းစားဇွန်း ရှစ်ဇွန်း
- အုန်းနို့ဆီချက် - ထမင်းစားဇွန်း လေးဇွန်း
- သံပုရာသီး - လိုသလောက် သုံးပေးပါ
- နံနံပင် - လိုသလောက် သုံးပေးပါ
- ကြက်သွန်နီ - အနေတော် နှစ်လုံး
- ဂေါ်ဖီ - အနေတော် တစ်စိတ် (အသုပ်နှင့်စားရန်)
- ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ (ဟင်းခါးခပ်ရန်)
- ငရုတ်သီး အလှော်မှုန့် - လိုသလောက် သုံးပေးပါ
- ပုဇွတ်ခြောက်မှုန့် - လက်ဖက်ရည်ဇွန်း သုံးဇွန်း (ဟင်းခါးချက်ရန်)
- အကြွတ်ကြော် - လိုသလောက် ကြော်ထားပါ
- ကြက်ဥ - ဆယ်လုံး (ကျက်အောင်ပြုပ်ပြီး အခွံခွာထားပါ)
- ကြက်သားကို အတုံးလိုက် ရေဆေးပြီး အနေတော် အတုံးလေးတွေ တုံးပေးပါ
- ပြီးတာနဲ့ ဆားထမင်းစားဇွန်း တစ်ဇွန်းနှင့် နနွင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်းတို့ ထည့်ပေးကာ ခပ်နာနာ နယ်ပေးပါ
- အမြစ်ထဲမှ အရိအရွဲများ ထွက်လာတာနဲ့ အမြစ်ရဲ့  အတွင်းဘက်ကို ဓါးနှင့် လိုက်ခြစ်ပေးပါ
- ပြီးတာနဲ့ ရေစင်အောင်ဆေးပြီး ဆား လက်ဖက်ရည်ဇွန်း တစ်ဇွန်း ငါးငံပြာရည် ထမင်းစားဇွန်း နှစ်ဇွန်း နနွင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်တို့နှင့် ထည့်ပြီး အရသာဝင်အောင် နယ်ပေးပါ
ကြက်သားဆီသတ်ရန်
- ကြက်သွန်နီ ငါးလုံးကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်နုတ်နုတ်လေးတွေ လှီးထားပေးပါ
- ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် စင်းထားပေးပါ
- ဒယ်အိုးထဲမှာ ဆီထည့်ပြီး နနွင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်ထည့်ပြီး အပူပေးပါ
- ဆီပူလာတာနဲ့ ကြက်သွန်နီ ကြက်သွန်ဖြူနှင့် ငရုတ်သီး အရောင်တင်မှုန့်တို့ကိုထည့်ပြီး ဆီသတ်ပေးပါ
- ဆီသတ်နံ့ မွှေးလာတာနဲ့ အရသာ နယ်ထားသော ကြက်သားကို ထည့်မွှေပေးပါ
- ကြက်သား ထည့်ပြီးတာနဲ့ ငါးငံပြာရည် ထမင်းစားဇွန်း နှစ်ဇွန်းနှင့် အရသာမှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာတို့ကို ထည့်ပြီး မွှေကာ ဆက်ပြီးချက်ပေးပါ
- အရသာ သမလောက်တာနဲ့ ရေမြုပ်အောင်ထည့်ပြီး ကြက်သွန်များ နွမ်းသွားအောင် ရေခမ်းပြီး ဆီပြန်တဲ့အထိ တည်ပေးပါ
- ချက်ထားသော ကြက်သားဆီပြန်လာတာနဲ့ မီးပိတ်ပေးထားပါ
နန်းကြီးဖတ်ပြုပ်ရန်
- ဇောက်နက်သော အိုးတစ်လုံးထဲမှာ ရေတစ်ဝက်သာသာထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
- ရေပွက်ပွက်ဆူလာတာနဲ့ နန်းကြီးဖတ် အစိုထုတ်ကို ဖောက်ပြီး ထည့်ပေးပါ
- ပြုပ်နေစဉ် နန်းကြီးဖတ်များ ပွလာပါက ရေလိုပါက ရေနွေးကို ထပ်ထပ်ထည့်ပေးပါ
- မုန့်ဖတ်ပြုပ်ချိန် အရမ်းမကြာစေဘဲ မုန့်ဖတ်အနေတော် ရလာပါက ဆယ်ပေးပြီး လက်နှင့်စမ်းကြည့်ပါ
- မုန့်ဖတ်အနေတော် ရလာပါက ဇကာထဲသို့ သွန်ချပေးပြီး ရေအေးနှင့် ဆေးချပေးပါ
- ရေအေးနှင့် ဆေးပြီးတာနဲ့ ဇကာထဲမှာဘဲ ရေစစ်ထားပါ
ဟင်းခါးချက်ရန်
- ဇောက်နက်သော အိုးတစ်လုံးထဲမှာ ရေလိုသလောက်ထည့်ပြီး ပုဇွန်ခြောက်မှုန့် ဆားနှင့် အရသာမှုန့်တို့ကိုထည့်ပြီး မီးဖိုပေါ် တင်ပေးပါ
- ကြက်သွန်ဖြူကို အခွံခွာပြီး ငရုတ်ကောင်းမှုန့်နှင့် ရောပြီး မညက်တညက် ထောင်းထားပါ
- ဂေါ်ဖီကို ရေဆေးပြီး မထူမပါး လှီးထားပါ
- ဟင်းရည်အိုး ပွက်ပွက်ဆူလာတာနဲ့ ဂေါ်ဖီထည့်ပြီး တည်ပေးပါ
- ဂေါ်ဖီအရမ်း မနူးသေးခင် ကြက်သွန်ဖြူထောင်းကို ထည့်ပေးပြီး အရသာမြည်းပေးပါ
- အရသာကို လိုသလို ပြင်ပေးပြီးတာနဲ့ ဟင်းခါးရည် ပူပူလေး ရပါပြီ။
နန်းကြီးသုပ်ပွဲပြင်ရန်
- နန်းကြီးဖတ်များကို ပြင်ထားပါ
- ကြက်သားချက်ပြီးသား ကြက်ဥနှင့် အကြွတ်ကြော်တို့ကို ပြင်ထားပါ
- ဂေါ်ဖီကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
- သံပုရာသီးကို ရေဆေးပြီး အစိတ်တွေ လှီးထားပါ
- နံနံပင်ကို ရေဆေးပြီး အနေတော်လေးတွေ လှီးပေးထားပါ
- ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပေးပါ
- အရသာမှုန့် ပဲအကျက်မှုန့်နှင့် ငရုတ်သီး အလှော်မှုန့်တို့ကို ပြင်ထားပါ
- အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဇလုံတစ်လုံးထဲမှာ မိမိစားနိုင်သလောက် နန်းကြီးဖတ် အရသာမှုန့် ကြက်သားဟင်း ပဲအကျက်မှုန့် ငရုတ်သီး အလှော်မှုန့် နံနံပင် ကြက်သွန်နီ ငါးငံပြာရည် သံပုရာရည်တို့ကို သင့်သလို ထည့်ပေးပြီး နယ်ပေးပါ
- အရသာ သမသွားတာနဲ့ အရသာမြည်းကာ လိုသလို ပြင်ပေးပြီး ကြက်ဥနှင့် အကြွတ်ကြော်တို့ ထည့်ပေးကာ ဟင်းခါးရည်နှင့် တွဲဖက်ကာ စားသုံးနိုင်ပါပြီ။
No comments:
Post a Comment