Thursday 15 October 2015

ကြက်သားပြား ထမင်းကြော်



ဒီထမင်းကြော်လေးက မာမာ့သမီးလေး ကြော်ထားတာပါ သူကျောင်းပိတ်တဲ့ ရက်တွေမှာ ထမင်းချက် ဟင်းချက် မုန့်လုပ်ရတာကို ဝါသနာပါတဲ့ အလျှောက် မီးဖိုဆောင်ထဲ ဝင်ဖြစ်ပါတယ်။

တစ်ခါတစ်ရံ သူစားချင်တာကို သူ့ဘာသာသူ ချက်တတ်သလို ကျမတို့စားချင်တာလေးတွေကိုလဲ သူ့စိတ်ကူးနဲ့သူ ချက်ပေး တတ်ပါသေးတယ်။

အခု ထမင်းကြော်လေးကိုလဲ သူ့စိတ်ကူးနဲ့သူ ကြက်သားပြားလေးတွေနဲ့ ကြော်ထားတာပါ ဒါပေမဲ့ အရမ်းစားလို့ ကောင်းပါတယ် မာမာကတော့ သူကြော်ထားတာလေး စားပြီး သူ့ထမင်းကြော်ကို နံမည်ပေးလေးတစ်ခု ပေးမိခဲ့ပါတယ်။

လျာပေါ်ဝဲ ထမင်းကြော်လေးပေါ့ စားလိုက်တိုင်း အရသာကောင်းပြီး လျှာပေါ်မှာ အရသာရှိရှိလေး ရတာကြောင့်မို့ သမီးလေး ကြော်တဲ့ ကြော်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ
  1. ဆန် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူး
  2. ကြက်သွန်နီ - အနေတော် တစ်လုံး
  3. ကြက်သားပြား - မိမိနှစ်သက်သလောက် ထည့်ပေးပါ
  4. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  5. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  6. ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း
  7. ပဲငံပြာရည်အနောက်ရည် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  8. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်

ပြင်ဆင်ပုံ
  • ဆန်ကိုရေဆေးပြီး ကျက်သွားအောင် ချက်ထားကာ အအေးခံပြီး ဖွထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ကြက်သားပြားကို ခပ်သေးလေးတွေ လှီးထားပါ
  • ဆီကိုအပူပေးပြီး ဆီပူလာပါ ကြက်သွန်နီကို ရွှေဝါရောင်လေး သန်းသွားတဲ့အထိ ကြော်ပေးပါ
  • ကြက်သွန်ကြော် အနေတော် ရပြီဆိုတာနဲ့ ကြက်သားပြားလေးတွေကို ထည့်ပေးပြီး ကြော်ပေးပါ
  • ကြက်သားပြား အနည်းငယ် ကျွတ်သွားပါက ငရုတ်ကောင်းမှုန့်ထဲ့ပြီး မိနစ်ဝက်လောက် ကြော်ပေးပါ
  • ပြီးတာနဲ့ အအေးခံထားသော ထမင်း  ဆား အရသာမှုန့်နှင့် ပဲငံပြာရည်တို့ကို ထည့်ပြီးမွှေပေးပါ
  • အားလုံး သမသွားပါက အရသာမြည်းပြီး လိုသလို ပြင်ပေးကာ နှစ်မိနစ်လောက် ကြော်ပေးပြီးတာနဲ့ ကြက်သားပြား ထမင်းကြော်လေးကို စားသုံးရန် ပြင်ပေးနိုင်ပါပြီ။

No comments:

Post a Comment