Sunday 4 October 2015

တောင်ရိုးဓနုဟင်း





ဒီနေ့တော့ ရှမ်းပြည်တောင်ပိုင်းရဲ့ တောင်ရိုးဓနုဟင်းလေး တမယ်ချက်ဖြစ်ပါတယ် မာမာဖွင့်ထားတဲ့ အစားအစာများတင်တဲ့ ဆုံနေကျဂရုလေးထဲမှာ မနေ့က မိတ်ဆွေတယောက်ဖြစ်တဲ့ sis Mi Nwe တင်ထားတာကိုကြည့်ပြီး စားချင်ရက် စက်စက်ယို ဖြစ်ပြီးသကာလ ချက်နည်းမေးပြီး ဒီမနက်ဘဲ အကောင်အထည် ဖော်လိုက်တာပါ။

အချိုမှုန့်မပါ ငံပြာရည်မပါဘဲ ချက်ထားတာမို့ သတ်သတ်လွတ် စားသူတွေအတွက် အစဉ်ပြေစေတဲ့ အရန်ဟင်းလေး တမယ်ဆိုလဲ မမှားပါဘူး ကြိုက်နှစ်သက်ရာ အသီးအရွက် တို့စရာတွေနဲ့ တွဲဖက်ပြီး သုံးဆောင်နိုင်ပါတယ်။

ချက်နည်းလေးကို မိတ်ဆွေဆီက တဆင့်မေးပြီး ချက်တာမို့. မာမာ့ဘက်က လိုအပ်တာလေးတွေ အမှားအယွင်းလေးတွေများရှိခဲ့ရင် သည်းခံပြီး ဖတ်ပေးကြစေချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. မြေပဲလှော် - လက်ဖက်ရည်အကြမ်းပန်ကန် တလုံး
  2. ကြက်သွန်နီ - ဥကြီးကြီး တလုံး
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂မွှာ
  4. ခရမ်းချဉ်သီး - အနေတော် ၃လုံး
  5. ငရုတ်သီးစိမ်း - နှစ်သက်သလောက်
  6. ပဲပုတ် -၂ချပ်
  7. ဆား - လက်ဖက်ရည်ဇွန်း တဇွန်းမောက်မောက်
  8. ဆီ - ထမင်းစားဇွန်း ၄ဇွန်း
  9. နနွင်းမှုန့်- လက်ဖက်ရည်ဇွန်း သုံးပုံတပုံ

ပြင်ဆင်ပုံ
  1. မြေပဲလှော်ကို အခွံချွတ်ပြီး ညက်နေအောင် ထောင်းထားပါ
  2. ကြက်သွန်နီနှင့် ကြက်သွန်ဖြူကို ညက်အောင် ထောင်းထားပါ
  3. ပဲပုတ်ကို မိုက်ခရိုဝေ့ထဲ စက္ကန့် ၃၀ဆီ ၂ခါထည့်ပြီး ကင်ထားပါ
  4. ခရမ်းချဉ်သီးကို ပါးပါးလှီးထားပါ
  5. ဒယ်အိုးထဲမှာ ဆီထည့်ပြီး ဆီကိုအပူပေးပါ
  6. ဆီပူလာတာနဲ့ ကြက်သွန်ထောင်းကို ဆီသတ်ပါ
  7. မွှေးလာတာနဲ့ ခရမ်းချဉ်သီးထည့်ပြီး ကျေအောင်ချက်ပေးပါ
  8. ခရမ်းချဉ်သီး ကျေတာနဲ့ မြေပဲလှော်ထောင်းထည့်ပြီး ရေမြုပ်အောင်ထည့်တည်ပါ
  9. ရေမခမ်းခင် ထောင်းထားသော ပဲပုတ်ထောင်းကိုထည့်ပြီး မွှေပေးပါ
  10. အရသာအတွက် ဆားထည့်ုပြီးမွှေကာ ရေခမ်းပြီး ဆီပြန်ခါနီးတာနဲ့ ငရုတ်သီးစိမ်း ထည့်မွှေကာ ဆီပြန်လာတာနဲ့ မိမိနှစ်သက်သလို သုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment