ဒီနေ့တော့ သမီးအတွက် သတ်သတ်လွတ် ပဲပြားအချဉ်ဆီပြန်လေး တစ်မယ်ချက်ဖြစ်ပါတယ် အသားဟင်းဆို မစားချင်လို့ ထမင်းစားဖို့ မနည်းခေါ်ရတဲ့ သမီးအတွက် အသီးအရွက်ဟင်း တစ်မယ်တော့ အမြဲတမ်း ပြင်ပေးရပါတယ်။
ဒါကြောင့်မို့လို့ အသားမပါတဲ့ ဟင်းလေးကို သတိထားပြီး ချက်ပေးနေရပေမဲ့ မိခင်မေတ္တာစိတ်အပြည့်နဲ့ ချက်ပြုပ်ပေးရလို့ မာမာပျော်ပါတယ် လို့ဘဲပြောရင်းနဲ့ မာမာပြင်ဆင်ထားတဲ့ ပဲပြားချက်နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
- အနေတော် တုံးထားသော ပဲပြား - အမာ 250 g
- ခပ်ပါးပါး လှီးထားသော ခရမ်းချဉ်သီး - ကြီးကြီး နှစ်လုံး
- ခပ်နုတ်နုတ် လှီးထားသော ကြက်သွန်နီ - အနေတော် တစ်ခြမ်း
- ခပ်နုတ်နုတ် လှီးထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
- ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
- ဆီ - ထမင်းစားဇွန်း သုံးဇွန်း
- လက်တဆစ်စာ လှီးထားသော ကြက်သွန်မိတ် - အနည်းငယ်
ပြင်ဆင်ပုံ
- ပဲပြား ခရမ်းချဉ်သီး ကြက်သွန်ဖြူ ကြက်သွန်နီ ကြက်သွန်မိတ်တို့ကို ရေဆေးသန့်စင်ကာ လိုအပ်သလို လှီးဖြတ်ပေးထားပါ
- ဒယ်အိုးထဲ ဆီကိုထည့်ပြီး အပူပေးပါ ဆီပူလာပါက နနွင်းမှုန့်ထည့်ပြီးတာနဲ့ ကြက်သွန်ဖြူ ကြက်သွန်နီတို့ကိုထည့်ကာ မွှေပေးပါ
- အနံ့သင်းပြီး ကြက်သွန်များနွမ်းလာတာနဲ့ ငရုတ်သီးအရောင်တင်မှုန့်ကိုထည့်ပြီး တမိနစ်လောက်မွှေပေးပါ
- ပြီးတာနဲ့ခရမ်းချဉ်သီးကို ထည့်ပြီး ကျေသွားအောင် ဇွန်းနှင့် ဖိချေပေးပါ
- ခရမ်းချဉ်သီး ကျေသွားပါက ပဲပြား ဆား အရသာမှုန့်တို့ ထည့်မွှေပါ
- ပဲပြားနှင့်ခရမ်းချဉ်သီး လုံးမိသွားက ရေမြုပ်အောင်ထည့်ပြီး အဖုံးအုပ်ကာ ဆီပြန်အောင် တည်ပေးပါ
- ဆီပြန်လာပြီ ဆိုပါက ကြက်သွန်မိတ်ထည့်ပြီး သမအောင် အသာမွှေကာ အရသာမြည်းပြီး လိုသလိုပြင်၍ စားသုံးနိုင်ပါပြီ။
No comments:
Post a Comment