Saturday 17 October 2015

ကြက်အမြစ် ဆီပြန်ဟင်း


အသားတွေစားရတာ ရိုးအီလာတော့ အသည်းအမြစ်ဖက်လှည့်ပြီး  ဆီပြန်လေး ချက်လိုက်ပြန်ပါပြီ ဟင်းခပ်အမွှေးအကြိုင်လေးတွေ ထည့်ချက်ထားတာမို့ အနံ့မွှေးမွှေးလေးနဲ့ တော်တော့်ကို စားလို့ကောင်းပါတယ် ဒါကြောင့်မို့ ချက်နည်းလေး မျှဝေလိုက်ပါတယ်။

ကြက်အမြစ်ဟင်းချက်ရင် မချက်တတ်တဲ့အခါ အရမ်းညှီပါတယ် နကိုထဲက အမြစ်နေရာက အစာဟောင်း သိမ်းတဲ့နေရာဖြစ်နေတဲ့အတွက် မချက်ခင် ရေဆေးဖို့ရယ် ချက်တဲ့အခါမှာ အနံ့မပြင်းစေဖို့ ဟင်းခပ် အမွှေးအကြိုင်လေးတွေ သတိထားပြီး ထည့်ပေးဖို့တော့လိုပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်အမြစ် - 500g
  • ကြက်သွန်နီ - အနေတော် တလုံး 
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
  • လေးညှင်း - တပွင့်
  • ဖာလာစေ့ - တခု
  • စမုံစပါး - ၁၀စေ့ခန့်
  • ကရဝေးရွက် - တရွက်
  • ချင်း - လက်တဆစ်ခန့်
  • စပါးလင် - တလက်မခန့်
  • မဆလာ - လက်ဖက်ရည်ဇွန်း တဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်သာသာ
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တ၀က် (ဆီသတ် ကြက်အသည်း အရသာနယ်ရာတွင် တ၀က်စီ ခွဲသုံးပါ)
  • ဆီ - ထမင်းစားဇွန်း ၅ဇွန်း
  • ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တဇွန်းမောက်မောက်

ပြင်ဆင်ပုံ
  • ကြက်အမြစ်ကို အထဲက အစာအိတ်များထုတ်ပြီး ဆား လက်ဖက်ရည်ဇွန်းတဇွန်း နနွင်းမှုန့် လက်ဖက်ရည်ဇွန်း တ၀က်တို့နဲ့ နယ်ပြီးပေးပါ
  • ပြီးတာနဲ့ ရေ၅ခါလောက်နှင့် စင်အောင် ဆေးပြီး ဆား နနွင်း အရသာမှုန့်တို့နဲ့ နယ်ပြီး နှပ်ထားပေးပါ
  • ကြက်သွန်အဖြူ အနီ စမုံစပါး ချင်း စပါးလင် ငရုတ်သီးမှုန့် စပါးလင်တို့ကို ရောပြီး ထောင်းထားပါ
  • အားလုံးအဆင်သင့်ဖြစ်ပါက ဇောက်နက်သော အိုးတလုံးမှာ ဆီကိုထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ နနွင်းမှုန့်ကိုထည့်ပြီး ငရုတ်သီးထောင်းထားသော အနှစ်များနှင့်အတူ ကရဝေးရွက် လေးညှင်းပွင့်နှင့် ဖာလာစေ့ကို အနည်းငယ်ထုပြီးထည့်ကာ ဆီသတ်ပေးပါ
  • ဆီသတ်နံ့ မွှေးလာတာနဲ့ အရသာ နယ်ထားသော ကြက်အသည်းကို ထည့်မွှေပေးပါ
  • ထွက်လာသော အရည်များ ခမ်းကာနီးအထိ မကြာ မကြာမွှေပေးပါ
  • အရည်များ ခမ်းပြီး ကြက်အသည်းများ အရောင်ပြောင်းလာမှ ရေမြုပ်အောင်ထည့်ပြီး တည်ပေးပါ
  • ဆီပြန်ကာနီး ရေနည်းနည်းကျန်ချိန်မှာ မဆလာအုပ်ပြီး အရသာမြည်းပါ
  • လိုအပ်သလို ပြင်ပေးပြီး ဆီပြန်လာပါက ကြက်အမြစ်ဆီပြန်ဟင်း မွှေးမွှေးလေး ရပါပြီ

No comments:

Post a Comment