Thursday, 29 October 2015

ကံ့ကူရန်ခြောက် အစပ်ကြော်


ငါးခြောက်ထဲမှာ ငါးယောင်ခြောက်ပြီးရင် အသားအများဆုံးက ကံ့ကူရံ ငါးခြောက်ပါဘဲ ဒီငါးခြောက်က မီးကင်ပြီး ဆီဆမ်းစားလဲ အရမ်းကောင်းပါတယ်။

 ကြော်ပြီး ငရုတ်သီးအစပ်လေးနဲ့ ပြန်ကြော်လေး လုပ်စားလဲ အရမ်းကောင်းသလို ဆီကျန်ရေကျန် ချက်စားလဲ အဆင်ပြေတဲ့ ငါးခြောက်ပါ မာမာကတော့ ဒီတစ်ခါ ခပ်စပ်စပ်လေး ကြော်ဖြစ်သွားတာမို့ ကြော်နည်းလေး မျှဝေလိုက်ပါတယ်။

ပါ၀င်ပစ္စည်းများ
  1. ငါးခြောက် - 400 g
  2. ကြက်သွန်နီ - ခပ်ကြီးကြီး တစ်ဥ 
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၁၀မွှာ
  4. ချင်း - လက်တဆစ် သာသာ
  5. ငရုတ်သီး လုံးခြမ်းကွဲ - ထမင်းစားဇွန်း ၂ဇွန်းခွဲ
  6. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ
  7. ငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  8. ဆီ - လက်ဖက်ရည် အကြမ်းပန်းကန် တစ်လုံးသာသာ
  9. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တ၀စ်က်

ပြင်ဆင်ပုံ
  • ငါးခြောက်ကို အကောင်လိုက်ရေ နာရီ၀က်လောက် စိမ်ထားပြီး လက်တဆစ်အရွယ်လေးများ တုံးထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက်ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ မညက်တညက် ထောင်းထားပါ
  • ချင်းကို အခွံခွာပြီး ညက်နေအောင် ထောင်းထားပါ
  • ဆီကို အပူပေးပြီး နနွင်းမှုန့်ထည့်ပါ
  • ငါးခြောက်ကို အရင်ဆုံး ကြွတ်သွားအောင် ကြော်ပြီး ဆယ်ထားပါ
  • ငါးခြောက်ကြော်ထားသော ဆီထဲမှာဘဲ ကြက်သွန်နီကိုအရင် နွမ်းအောင်ကြော်ပေးပါ
  • ကြက်သွန်နီ နွမ်းမှကြက်သွန်ဖြူနှင့် ချင်းကို ထည့်ကြော်ပါ
  • ကြက်သွန်များ အရမ်းမကြွတ်ခင် ငရုတ်သီးမှုန့် အချိုမှုန့်နှင့် ငံပြာရည်တို့ကို ထည့်မွှေပါ
  • ကြက်သွန်များ ကြွတ်လာပြီဆိုတာနဲ့ ကြော်ပြီးဆီစစ်ထားသော ငါးခြောက်ကြော်ကို ရောမွှေပေးပါ
  • အေးသွားပါက ကြွတ်ပြီး မွှေးနေသော ငါးခြောက်ကြော် စပ်စပ်လေးကို မိမိနှစ်သက်သလို စားနိူင်ပါပြီ။

No comments:

Post a Comment