Sunday 4 October 2015

black tomato ချဉ်ငံစပ်အသုပ်







ဒီနေ့တော့ အိမ်မှာစိုက်ထားတဲ့ black tomato ခရမ်းချဉ်သီးကို ခူးပြီးတော့ သုပ်ပါတယ် အရသာကတော့ မြန်မာပြည်က ကိုင်းခရမ်းချဉ် အရသာနဲ့ တော်တော်ဆင်ပါတယ် အသားထူပြီး အစေ့နည်းတာမို့ တစ်လုံးသုပ်ရင် တစ်နပ်စာရပါတယ်။

ရိုးရိုးခရမ်းချဉ်သီးနဲ့ ယှဉ်လို့ရအောင် ၂မျိုး ပြထားပါတယ် မှည့်လာတဲ့အခါ ကြာရှည်အထားမခံဘဲ ချက်ချင်းပျော့လာပါတယ် ဟင်းချက်ရင်တော့ ဟင်းအနှစ်များများ ရစေတဲ့ ခရမ်းချဉ်သီးမျိုးပါ။

ခရမ်းချဉ်သီးသုပ်တို့ရဲ့ အရသာက အဓိက ဗယာကြော်ကို ချေပြီးရောသုပ်ရင် ပိုပြီးကောင်းပါတယ် တစ်ခြားအကြော်စုံလေးတွေလဲ နှစ်သက်ရင်ထည့်နိုင်ပါတယ် မာမာကတော့ ချဉ်ငံစပ်ကလေး သုပ်မှာမို့လို့ ငရုတ်သီးစိမ်းလေးလဲ ထည့်ထားပါသေးတယ်။

ပါဝင်ပစ္စည်းများ

  1. Black Tomato. - ခပ်ကြီးကြီး တစ်လုံး
  2. ဗယာကြော် - နှစ်ချပ်
  3. လက်ဖက်အကြော်စုံ - ထမင်းစားဇွန်း ဆယ်ဇွန်းခန့်
  4. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  5. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  6. ပဲဆီစိမ်း - ထမင်းစားဇွန်း နှစ်ဇွန်း
  7. ပုဇွန်ခြောက် - ဆယ်ကောင်ခန့်
  8. ငရုတ်သီးစိမ်း - သုံးတောင့်

ပြင်ဆင်ပုံ
  1. ခရမ်းချဉ်သီးကို အလုံးလိုက် ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  2. ငရုတ်သီးစိမ်းကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  3. အသုပ်သုပ်ရန် ပါဝင်ပစ္စည်းများကို ပြင်ထားပါ
  4. ဇလုံကျယ်ကျယ်ထဲမှာ လှီးထားသော ခရမ်းချဉ်သီးနှင့် ဗယာကြော်ကို ချေပြီးထည့်ပေးပါ
  5. လက်ဖက်အကြော်စုံ ပုဇွန်ခြောက် ဆား ဆီ အရသာမှုန့် ငရုတ်သီးစိမ်းတို့ကိုထည့်ပြီး ခပ်ဖွဖွ နယ်ပေးပါ
  6. နံနံပင်နှင့်ဂေါ်ဖီကို နှစ်သက်လျှင် ထည့်ပြီးသုပ်နိုင်ပါတယ်
  7. အရသာ ဝင်သွားအောင် နယ်ဖတ်ပြီးတာနဲ့ စားပွဲပြင်မည့် ပန်းကန်ထဲသို့ပြောင်းပြီးထည့်ပေးပါ
  8. ခရမ်းချဉ်သီးသုပ်လေး အဆင်သင့် ရတာနဲ့ ရေနွေးကြမ်းလေးနှင့် သုံးဆောင်ရန် ပြင်ပေးနိုင်ပါပြီ။

No comments:

Post a Comment