အသုပ်လေးပါမှ ထမင်းမြိန်တယ်လို့ထင်မိတဲ့ မာမာတို့မိသားစု ထမင်းဝိုင်းလေးအတွက် သရက်ချဉ်လေး ခပ်ကြမ်းကြမ်းလှီးပြီး အရိုင်းသုပ်လေးတစ်မယ် သုပ်ဖြစ်ပါတယ် တကယ်လဲ ထမင်းစားမြိန်စေတဲ့အတွက် သရက်ချဉ် ဖိုးသိုးဖတ်သတ် အရိုင်းသုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
- သရက်သီး ဆားရည်စိမ် - အနေတော် တစ်လုံး
- ကြက်သွန်နီ - အနေတော် တစ်ဥ
- ပုဇွန်ခြောက်မှုန့် - ထမင်းစားဇွန်း မောက်မောက် နှစ်ဇွန်း
- ပဲအကျက်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်း
- ငရုတ်သီး အလှော်မှုန့် - နှစ်သက်သလောက်ထည့်ပါ
- အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- ငံပြာရည် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- ဆီချက် - ထမင်းစားဇွန်း တစ်ဇွန်း
ပြင်ဆင်ပုံ
- သရက်သီး ဆားရည်စိမ်ကို ရေနှစ်ထပ်လောက် ဆေးပေးပြီး အနေတော် ခပ်ပါးပါး လှီးပေးပါ
- ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါးလှီးပြီး ရေနှင့်နယ်ဆေးပြီး ရေစစ်ထားပါ
- အသုပ်သုပ်ရန် ပါဝင်ပစ္စည်းများကို ပြင်ထားပါ
- ဇလုံ တစ်လုံးထဲမှာ ကြက်သွန်နီ သရက်သီး ငံပြာရည် ပုဇွန်ခြောက်မှုန့် ပဲမှုန့် အချိုမှုန့် ငရုတ်သီးမှုန့်နှင့် ဆီချက်တို့ထည့်ပြီး ခပ်ဖွဖွ နယ်ပေးပါ
- အရသာ ၀င်သွားပြီ ဆိုပါက မြည်းပေးပြီး မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပါ
- ပြီးတာနဲ့ ချဉ်ချဉ် ငံငံ စပ်စပ် သရက်ချဉ်သုပ်ကို ထမင်းပူပူလေးနဲ့ စားသုံးရန် ပြင်ဆင်လို့ ရပါပြီ။
No comments:
Post a Comment