Friday 9 October 2015

သံလွင်သီးဆားရည်စိမ် ငါးပိထောင်း


ငါးပိထောင်းလို့ ပြောလိုက်ရင် အရင်ဆုံး ထမင်းကြမ်းခဲလေးနဲ့ စားချင်မိသွားတယ် တစ်ခါတစ်လေ ဘာဟင်းမှတောင် မလိုဘဲ ထမင်းမိန်စေတဲ့ ငါးပိထောင်းလေးပါ။

မြန်မာပြည်မှာ ဆိုရင်တော့ ငါးပိကို သရက်သီးပေါ်ချိန်ဆို သရက်သီးစိမ်းလေးနဲ့ထောင်းမလား မရမ်းသီးပေါ်ချိန်ဆို မရမ်းသီးလေးနဲ့ထောင်းမလား အဲဒီအသီးတွေရှားတဲ့ အချိန်ကျတော့လဲ ပုဇွန်ခြောက်နိုင်နိုင်င်လေးနဲ့ ထောင်းမလား အားလုံးနဲ့အဆင်ပြေစေတဲ့ ငါးပိထောင်းလေးပေါ့နော်။

အခုတော့ မရမ်းသီးလဲ မရနိုင်တဲ့ နေရာလေးမှာ ငါးပိထောင်းကို သံလွင်သီး ဆားရည်စိမ်လေးနဲ့ ထောင်းလိုက်တာ အရမ်းကိုကောင်းလွန်းလို့ မာမာထောင်းတဲ့ သံလွင်သီး ငါးပိထောင်းနည်းလေးကို မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ပုဇွန်ငါးပိ - ထမင်းစားဇွန်း မောက်မောက် ၂ဇွန်းခွဲ
  2. ပုဇွန်ခြောက် - အကောင်ကြီးကြီး ၁၅ကောင်
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၇မွှာ
  4. ငရုတ်သီးစိမ်း - ၁၅တောင့်
  5. ငရုတ်သီးအလှော်မှုန့် - ထမင်းစားဇွန်းတစ်ဇွန်း
  6. သံလွင်သီးဆားစိမ် - အလုံး၂၀ခန့်
  7. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ

ပြင်ဆင်ပုံ
  1. ပုဇွန်ငါးပိကို ပန်းကန်ထဲမှာ ထည့်ပေးပြီး မိုက်ခရိုဝေ့ထဲမှာ စက္ကန့်၃၀ဆီ ၂ခါကင်ပေးပါ
  2. ငရုတ်သီးစိမ်းကို ရေဆေးပြီး အညှာခြွေကာ မွှေးသွားအောင် လှော်ထားပါ
  3. ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးထားပါ
  4. သံလွင်သီးကို ရေ သုံးခါလောက် ဆေးပေးပြီး ရေစစ်ထားပါ
  5. ပုဇွန်ခြောက်ကို ရေဆေးပြီး ရေစစ်ထားပါ
  6. ငရုတ်ဆုံထဲမှာ အရင်ဆုံး ပုဇွန်ခြောက်ကို ညက်နေအောင် ထောင်းပေးပါ
  7. ပုဇွန်ခြောက် ညက်တာနဲ့ ငရုတ်သီးစိမ်းနဲ့ ကြက်သွန်ဖြူကို ထည့်ထောင်းပါ
  8. ပြီးတာနဲ့ ရေစစ်ထားတဲ့ သံလွင်သီးကို ထည့်ထောင်းပါ
  9. အားလုံး လေးစိတ်ကွဲ အနေအထား ရတာနဲ့အရသာမှုန့် ပုဇွန်ငါးပိကင်နှင့် ငရုတ်သီး အလှော်မှုန့် တို့ ထည့်ထောင်းပါ
  10. အားလုံး ထောင်းပြီးတာနဲ့ အရသာ မြည်းပေးကာ လိုသလို ပြင်ပေးပါ
  11. ပြီးတာနဲ့ သံလွင်သီးဆားစိမ် ပုဇွန်ငါးပိထောင်း မွှေးမွှေးစပ်စပ်လေး ရပါပြီ
  12. ငါးပိထောင်းနဲ့ အလိုက်ဖက်ဆုံး ရွှေဖရုံသီးဟင်းလေးနှင့် တွဲဘက်ပြီး စားနိုင်ပါပြီ။




No comments:

Post a Comment