လက်ဖက် ကြက်ခြေနီသုပ်ဆိုရင် ကျန်ခဲ့တဲ့ ၂၅နှစ်လောက်က မန္တလေးမှာ နေခဲ့တာကို ပြေးပြီးသတိရမိတယ် အမတစ်ဝမ်းကွဲအိမ်နဲ့ အရီးထောင်းအိမ်က ခြေလှမ်း ၃၀လောက် လှမ်းရင် ရောက်တာမို့ နေ့လည်ဆို လက်ဖက် သုပ်ပြီးသာ ၅ကျပ်ဖိုးလောက် ပြေးဝယ်ပြီး ထမင်းနဲ့စားကြရင်း စကားတွေဖောင်ဖွဲ့ခဲ့တာ အမှတ်တရပါဘဲ။
အရီးထောင်း အိမ်ကို တစ်ခါတစ်လေ လက်ဖက်သွားဝယ်တိုင်း လက်ဖက်ကို ဘယ်လိုသုပ်ပေးရမလဲ မေးတဲ့အခါ အစဉ်ပြေတာ သုပ်ပေးပါဆိုရင် စိတ်ကြိုက်သုပ်ပေးတာကို ယူပြီး ပြန်လာရုံပါဘဲ အဲဒီထဲကမှ ခရမ်းချဉ်သီးအစိမ်း ငရုတ်သီးစိမ်း နိုင်းချင်းနဲ့ သုပ်ပေးတတ်တဲ့ ကြက်ခြေနီသုပ်ကတော့ စွဲမက်စရာတစ်ခုပါဘဲ စားပြီးရင် လျှာဂျွမ်းထိုးနေရလို့ပါ လျှာဂျွမ်းထိုး ချင်ရင်တော့ ကြက်ခြေနီ သုပ်နည်းလေး မျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
- ချဉ်ငံစပ်နှပ်ထားသော လက်ဖက်အသား - ထမင်းစားဇွန်း လေးဇွန်းမောက်မောက်
- လက်ဖက်အကြော်စုံ - ထမင်းစားဇွန်း ဆယ်ဇွန်းခန့်
- ခရမ်းချဉ်သီးအစိမ်း - အနေတော် တစ်လုံး
- ဂေါ်ဖီ - အနေတော် တစ်စိတ်
- ပုဇွန်ခြောက် - အကောင်ကြီးကြီး အကောင် နှစ်ဆယ်ခန့်
- ကြက်သွန်ဖြူ - နှစ်သက်သလောက်
- ငရုတ်သီးစိမ်း - နှစ်သက်သလောက်
- ပဲဆီစိမ်း - ထမင်းစားဇွန်း သုံးဇွန်း
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
ပြင်ဆင်ပုံ
- ဂေါ်ဖီကို ခပ်ပါးပါးလှီးပြီး ရေဆေးထားပါ
- ခရမ်းချဉ်သီးကို အလုံးလိုက် ရေဆေးပြီး အကွင်းလိုက် ခပ်ပါးပါး လှီးထားပါ
- ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးထားပါ
- ငရုတ်သီးစိမ်းကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
- ဇလုံကျယ်ကျယ် တစ်လုံးထဲမှာ လက်ဖက်အသားနှင့်အတူ လက်ဖက်အကြော်စုံ ဂေါ်ဖီ ခရမ်းချဉ်သီး ငရုတ်သီးစိမ်းဆား နှင့်ဆီတို့ထည့်ကာ ခပ်ဖွဖွ နယ်ပေးပါ
- အရသာ နယ်ပြီးတာနဲ့ပြင်မည့် ပန်းကန်ထဲမှာ လက်ဖက်သုပ်ပြီးသားကို ခပ်ဖွဖွ ထည့်ပေးပါ
- လက်ဖက်သုပ်ပေါ်မှ ပုဇွန်ခြောက်ကို ဖြူးပေးကာ ငရုတ်သီးစိမ်း ကြက်သွန်ဖြူတို့ကို ပန်းကန်ထဲထည့်ပေးပါ
- ကြက်ခြေနီ လက်ဖက်သုပ် ချဉ်ငံစပ်ကို ရေနွေးကြမ်းလေးနဲ့ တွဲဖက်ပြီး စားသုံးရန် ကြက်သွန်ဖြူ ငရုတ်သီးစိမ်းတို့နှင့် တွဲဖက်ကာ လျှာဂျွမ်းပြန်အောင် စားသုံးနိုင်ပါပြီ။
No comments:
Post a Comment