သီးရွက်စုံလို့ ပြောပေမဲ့ တကယ်တမ်းကျတော့ အိမ်မှာရှိတာတွေ ပြစ်ပျက်ထည့်ပြီး ချက်လိုက်တဲ့ ဟင်းတမယ်ပါ ဟင်းတွေကို ဘာစတိုင် ညာစတိုင်ဆိုပြီး ချက်ရတာထက် မိသားစု ခံတွင်းလိုက်စေမဲ့ အစာလေးတွေကို ချက်ရတာ စိတ်ထဲမှာ ပီတိတော်တော်လေး ဖြစ်ရတာမို့ မာမာချက်တဲ့ မာ့မာ့စတိုင် သီးစုံ ပဲချဉ်ရည်ဟင်း ချက်နည်းလေး မျှဝေလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
- ကုလားပဲခြမ်း - ထမင်းပေါင်းအိုး ဆန်ချင်ခွက် တခွက်
- အာလူး - ခပ်ကြီးကြီး တလုံး
- မုံလာဥနီ - အနေတော် တဥ
- ငရုတ်သီးစိမ်း - အတောင့်ကြီးကြီး ၂တောင့်
- ပဲတောင့်ရှည် - ၅တောင့်
- ရုန်းပတေသီး - ၅တောင့်
- မုံလာဥနီ - အနေတော် တဥ
- မကျီးသီးမှည့် - ကွမ်းသီးဆံလုံးလောက်
- ပျဉ်းတော်သိမ်းရွက် - အခက်ကြီးကြီး ၂ခက်
- ဆား - လက်ဖက်ရည်ဇွန်း တဇွန်းခွဲ (သို့မဟုတ်)
- ငါးငံပြာရည် - ထမင်းစားဇွန်း ၃ဇွန်း
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ (ပဲပြုပ်ထဲနှင့်ဆီသတ်ရာတွင် သုံးရန်)
- ကြက်သွန်နီ - အနေတော် တခြမ်း
- ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂မွှာ
- ချင်း - လက်တဆစ်ရဲ့တ၀က်
- ငရုတ်သီးအရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တ၀က်သာသာ
- ဆီ - ထမင်းစားဇွန်း ၃ဇွန်း
ပြင်ဆင်ပုံ
- ကုလားပဲဆန်ကို ရေဆေးပြီး ရေမြုပ်အောင်ထည့် နနွင်းမှုန့် အနည်းငယ်ထည့်ပြီး ပဲအရမ်း မနူးအာင် ပြုပ်ထားပါ
- ပဲသီးကို အနေတော်လှီးထားပါ
- အာလူးကို အခွံခွာပြီး အနေတော်တုံးကာ ရေနာရီဝက်လောက် စိမ်ထားပါ
- မကျီးသီးမှည့်ကို ရေတထပ်ဆေးပြီး ရေစိမ်ထားပါ
- မုံလာဥနီကို အခွံခွာပြီး ရေဆေးကာ လက်တဆစ် အရွယ်တုံးထားပါ
- ရုံပတေသီးကို တ၀က်ဖြတ်ထားပါ
- ကြက်သွဖြူ နီ ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ ငရုတ်သီးမှုန့်တို့နဲ့ရောပြီး ထောင်းထားပါ
- အားလုံးအဆင်သင့်ဖြစ်တာနဲ့ ဒယ်အိုးတလုံးကို အပူပေးပြီး ဆီထည့်ပါ ဆီပူလာတာနဲ့ နနွင်းမှုန့်ထည့်ကာ ငရုတ်သီးထောင်းကို ထည့်ပြီးမွှေးလာအောင်ဆီသတ်ပေးပါ
- ဆီသတ်နံ့မွှေးလာတာနဲ့ ပျဉ်းတော်သိမ်းရွက်များကို ထည့်ပြီးဆီသတ်ပါ
- ပြီးတာနဲ့ ဟင်းချက်ရန်ပြင်ထားသော အသီးအရွက်များကို ရုံးပတေသီးမှလွှဲပြီး ထည့်ဆီသတ်ပါ
- အသီးအရွက်များ ထည့်ပြီးတာနဲ့ဆား(သို့) ငံပြာရည်ကို တခါထဲထည့်မွှေပေးပါ
- အသီးများနည်းနည်း နွမ်းလာတာနဲ့ ဇောက်နက်သော အိုးတလုံးထဲပြောင်းထည့်ပြီး ရေကို တရုတ်ဟင်းရည်သောက် ပန်းကန် ၂လုံးစာထည့်ပြီး အသီးများနူးအောင် တည်ပေးပါ
- အသီးများ နူးများလာတာနဲ့ ပြုပ်ထားသော ပဲကိုထည့်ပြီး ရေစိမ်ထားသော မကျည်းမှည့်ကို လက်နဲ့ဖျော်ပြီး မကျည်းရည်ထည့်ပေးပါ
- ဟင်းရည်ပွက်ပွက်ဆူပါက. ရုန်းပတေသီးနှင့် အရသာမှုန့်ထည့်ပြီးမွှေပေးကာ အရသာ မြည်းပေးပါ
- အရသာကို လိုသလိုပြင်ပြီးပါက သုံးဆောင်နိုင်ပါပြီ။
No comments:
Post a Comment