Saturday 17 October 2015

ကြက်သားအာလူး အချိုဆီပြန်


ကြက်သားအာလူး ဆီပြန်ချက်မိလေတိုင်း အဝေးမှာရောက်နေတဲ့ သားလေးကို လွမ်းမိတယ် အာလူးအရမ်းကြိုက်တဲ့လို့ ငယ်ငယ်က ခနခနချက်ခိုင်းတဲ့ ဟင်းတမျိုးပါ သူကြိုက်မယ်ဆိုလဲ ကြိုက်လောက်အောင် အမေ့လက်ရာက ကောင်းနေတယ် ထင်ပါတယ် ဒါကြောင့်မို့ အာလူး ကြက်သားဆီပြန် အရောဟင်းချက်နည်းကို မျှဝေလိုက်ပါတယ်။

ကြက်သားအရသာနယ်ရန်
  • ကြက်သား - သုံးဆယ်သား (အနေတော်တုံးထားပါ)
  • ဆား - လက်ဖက်ရည်ဇွန်း တဝက်
  • ငံပြာရည် - ထမင်းစားဇွန်း တ၀က်
  • ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တဝက်
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
အာလူးအရသာနယ်ရန်
  • အာလူး - သုံးဆယ်သား
  • ဆား - လက်ဖက်ရည်ဇွန်း တဝက်
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
ဟင်းချက်ရန်
  • ပဲငံပြာရည်အပျစ် - ထမင်းစားဇွန်း တဇွန်း
  • ကြက်သွန်ဖြူ - သုံးမွှာ
  • ကြက်သွန်နီ - တခြမ်း
  • ချင်း - တပြား အားလုံးကိုရောထောင်းပေးပါ
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်
  • ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • ဆီ - လက်ဖက်ရည် အကြမ်းပန်းကန်လုံး တဝက်
ပြင်ဆင်ပုံ
  1. အိုးတလုံးထဲမှာ ဆီကိုအပူပေးပြီး ထောင်းထားသော ကြက်သွန်အနှစ်များကို ဆီသတ်ပါ
  2. ကြက်သွန်နည်းနည်း နွမ်းတာနဲ့ ကြက်သားအရသာနယ်ကို ထည့်ပြီးမွှေပါ
  3. ကြက်သားများ မာလာတဲ့ထိ ၂မိနစ်ခန့်မွှေပေးပြီးမှ ဆားနှင့် ဟင်းချိုမှုန့်ထည့်ကာ  ရေမြုပ်အောင်ထည့်ပြီ ပထမတရည် ခမ်းအောင်တည်ပါ
  4. ပထမတရည် ခမ်းတာနဲ့ အာလူးကိုထည့်ကာ ရေမြုပ်အောင်ထပ်ထည့်ပြီး တည်ပါ
  5. ရေမခမ်းခင် အရသာမြည်းပြီး ပဲငံပြာရည်ထည့်ကာ လိုသလိုပြင်ပေးပါ
  6. အာလူနူးပြီး ရေခမ်းတာနဲ့ ဆီပြန်ပြီဆို စားသုံးနိုင်ပါပြီ။

No comments:

Post a Comment