Saturday 2 April 2016

ကြက်သားလုံး ချိုချဉ်ကြော်












ဟင်းချက်ဖို့ ပြင်ဆင်ရတာ လုပ်နည်းအဆင့်လေးတွေ များပေမဲ့ သီချင်းလေး ဆိုညီးရင်း ဟင်းချက်ဖို့ ပြင်ဆင်လိုက်ရင် မပင်မပန်းဘဲ ပြီးသွားမဲ့ ဟင်းတစ်မယ်ပါ ဒီနေ့တော့ ထမင်းကို မြိန်စေမဲ့ ကြက်သားလုံး ချိုချဉ်ကြော်လေး ကြော်ဖြစ်လို့ ကြော်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ကြက်ရင်ပုံသား - 200 g
  2. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာ
  3. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  4. သကြား - ထမင်းစားဇွန်း နှစ်ဇွန်း
  5. ဗီနီကာ - ထမင်းစားဇွန်း နှစ်ဇွန်း
  6. ခရမ်းချဉ်သီးဆော့ - ထမင်းစားဇွန်း သုံးဇွန်း
  7. ငံပြာရည်အကြည် - ထမင်းစားဇွန်း နှစ်ဇွန်း
  8. ဆီ - စားပွဲတင်ဇွန်း ဆယ်ဇွန်း
  9. ပန်းဂေါ်ဖီ - တရုတ်ဟင်းပြင်ပန်းကန် အလတ်တစ်လုံးစာ
  10. မုံလာဥနီ - တရုတ်ဟင်းပြင်ပန်းကန် တစ်ဝက်
  11. ကြက်သွန်မိတ် - သုံးပင်
  12. ရွှေပဲသီး - ဆယ့်နှစ်တောင့်
  13. ပဲတောင့်ရှည် - ငါးတောင့်
  14. ကြက်သွန်နီ - အနေတော် နှစ်လုံး
  15. ကြက်သွန်ဖြူ - အမွှာကြီးကြီး ခြောက်မွှာ
  16. နှမ်းဆီ - လက်ဖက်ရည်ဇွန်း တစ်ဝက်
  17. ကော်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်း
  18. ကြက်ဥ - တစ်လုံး
  19. ဂျုံမှုန့်- ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူး
  20. ပေါင်မုန့်ခြောက် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူး
  21. ရေ - လက်ဖက်ရည်အကြမ်းပန်းကန် နှစ်လုံးသာသာ ဟင်းအိုးထဲ ထည့်ရန်နှင့် ကော်ရည်ဖျော်ရန်

ကြက်သားလုံးအတွက် ပြင်ဆင်ပုံ
  • ကြက်သားကို ရေဆေးပြီး ရေစင်အောင်သုတ်ပေးကာ ဗလင်ဒါထဲ့ထည့်ပါ
  • ကြက်သားနှင့်အတူ ဆား လက်ဖက်ရည်ဇွန်း တ၀က် အရသာမှုန့် လက်ဖက်ရည်ဇွန်း တ၀က်တို့ပါထည့်ပြီး ညက်နေအောင် ကြိတ်ပေးပါ
  • ကြက်သွန်နီ တလုံးကို ပုံပါအတိုင်း ခပ်နုတ်နုတ်လှီးပေးပါ
  • ကြက်သွန်ဖြူ ၃မွှာကို ဓါးပြားရိုက်ပြီး လှီးထားပါ
  • ငရုတ်ကောင်းမှုန့်ကို ပြင်ထားပါ
  • ကြက်ဥကို ကြေနေအောင် ခလောက်ထားပါ
  • ကြိတ်ထားသော ကြက်သားကို နှမ်းဆီ ကြက်သွန်ဖြူ ကြက်သွန်နီ ငရုတ်ကောင်းမှုန့်တို့နှင့် သမအောင် ရောနယ်ကာ  အနေတော် အလုံးလေးများ လုံးပေးပါ
  • လုံးပြီးသော ကြက်သားကို ဂျုံမှုန့်နှင့်အရင်ဆုံး လူးပေးပါ
  • ဂျုံမှုန့်လူးထားသော ကြက်သားလုံးကို ခလောက်ထားသော ကြက်ဥထဲ နှစ်ပေးပါ
  • ကြက်ဥနှစ်ထားသော ကြက်သားလုံးကို ပေါင်မုန့်ခြောက်ထဲမှာ တခါထပ်လူးပေးပါ
  • အားလုံးပြီးတာနဲ့ ဆီကိုအပူပေးပြီး မီးအနေတော်နှင့်ကြော်ပါ
  • ကြော်နေစဉ် အကျက်ညီစေရန် မကြာမကြာ ကြက်သားလုံးများကို လှည့်ပေးပါ
  • ကြက်သားလုံးများ ရွှေဝါရောင်သန်းလာတာနဲ့ ဆယ်ပြီး ဆီစစ်ထားပါ
ဆော့အတွက် ပြင်ဆင်ပုံ
  • ခရမ်းချဉ်သီးဆော့ သကြား ဗီနီကာ ငံပြာရည် ဆားလက်ဖက်ရည်ဇွန်း တစ်ဝက်သာသာတို့ကို ရောပြီး သကြားပျော်တဲ့အထိ မွှေထားပါ
ကော်ရည်ဖျော်ရန် ပြင်ဆင်ပုံ
  • ကော်မှုန့်ကို ရေ လက်ဖက်ရည် အကြမ်းပန်းကန် တစ်လုံးစာနှင့် ကော်မှုန့်ပျော်အောင် ဖျော်ထားပါ
အသီးအရွက်များ ပြင်ဆင်ပုံ
  • ပန်းဂေါ်ဖီကို သင့်သလိုလှီးပြီး ရေဆေးထားပါ
  • ကြက်သွန်မိတ်ကို အပင်လိုက် ရေဆေးပြီး အနေတော် လှီးထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ပုံပါအတိုင်း လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  • ပဲသီးကို ရေဆေးပြီး အနေတော် လှီးထားပါ
  • ရွှေပဲသီးကို ရေဆေးပြီး အကြောသင်ပေးထားပါ
  • မုံလာဥနီကို အခွံခွာကာ ရေဆေးပြီး သင့်သလို လှီးပေးထားပါ
ချိုချဉ်ကြော်ရန်
  • ဆီ ထမင်းစားဇွန်း လေးဇွန်းကို အပူပေးလိုက်ပါ
  • ဆီပူလာတာနဲ့ ကြက်သွန်ဖြူ ကြက်သွန်နီတို့ကို ထည့်ကြော်လိုက်ပါ
  • မိနစ်ဝက်ခန့်ကြော်ပြီးတာနဲ့ မုံလာဥနီ ပဲသီး ပန်းဂေါ်ဖီတို့ကို တမိနစ်လောက် ထည့်ကြော်ပါ
  • ပြီးတာနဲ့ ခရမ်းချဉ်သီး ဆော့ကို မိနစ်ဝက်လောက် ထည့်မွှေပါ 
  • ပြီးတာနဲ့ ရေထည့်ပြီး ရေဆူရုံလေး တည်ပေးပါ
  • ရေဆူလာတာနဲ့ ကော်ရည်ကိုထည့်ပြီး ပျစ်လာအောင် မွှေပေးပါ
  • ကော်ရည်ပျစ်လာတာနဲ့ ကျန်နေသော ရွှေပဲသီးနှင့် ကြက်သွန်မိတ် ထည့်မွှေကာ မီးပိတ်ပေးပြီး စားပွဲပြင်ပေးပါ။

No comments:

Post a Comment