Thursday 7 April 2016

မုန့်ဗိုင်းတောင့်
















မုန့်ဗိုင်းတောင့် လုပ်နည်းလေးက မုန့်ပဲဆုပ်လုပ်နည်း  မုန့်သားစပ်ပုံနဲ့ အတူတူပါဘဲ ပဲမထည့်ဘဲ အဖြူထည် မုန့်သားကို ဆုပ်ပေးတာနဲ့ လိပ်ပေးတာဘဲ ကွာသွားပါတယ်

ပါဝင်ပစ္စည်းများ


  1. ဆန်မှုန့် -  ပေါင်းအိုးဆန်ချင်ဗူး ၄ဗူး
  2. ကောက်ညှင်းမှုန့် - ပေါင်းအိုးဆန်ချင်ဗူး တစ်ဗူး
  3. ရေ - လိုသလောက်
  4. ထုံး - လက်ဖက်ရည်ဇွန်း တဇွန်း
  5. ထုံးရေကြည်လုပ်ရန် ရေ - တရုတ်ဟင်းရည်သောက် ပန်းကန်အလတ် ၃လုံး
  6. နှမ်းထောင်း - တမင်းစားဇွန်း တဇွန်း
  7. နေကြာဆီ - ထမင်းစားဇွန်း တဇွန်း
  8. ပဲဆီ - ထမင်းစားဇွန်း ၃ဇွန်း
  9. စဉ့်နီတုံး - သန့်သန့်တခု

ပြင်ဆင်ပုံ
  1. ဆန်မှုန့်နှင့် ကောက်ညှင်းမှုန့်ကို ရောနယ်ပြီး ရေကိုနည်းနည်းခြင်းထည့်ကာ နယ်ပေးပါ
  2. ရေတခါထဲ ထည့်ပါက မုန့်သားပျော့ပျဲကြီး ဖြစ်သွားနိုင်လို့ ရေကို ချင့်ချိန်ပြီး  ထည့်ပေးပါ
  3. မုန့်သား ညက်လာအောင် ၅မိနစ်လောက် အနည်းဆုံး နယ်ပေးပါ
  4. ထုံးနှင့်ရေကို ဇလုံသန့်သန့်ထဲထည့်ပြီး တညသိပ် အနည်ထိုင်ပေးထားပါ
  5. စဥ့်နီတုံး (သို့) ခပ်ပြားပြား ပလပ်စတစ် အထူသား သန့်သန့်တခု အဆင်သင့်ပြင်ထားပါ
  6. မုန့်သားလုံးပြီးပြီဆိုတာနဲ့ ထုံးများမပါအောင် အိုးသန့်သန့်ထဲ အသာလောင်းထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
  7. ထုံးရေဆူလာတာနဲ့ မုန့်သားအလုံးကို အလုံးလိုက်ထည့်ပြီး အိုးအဖုံးမဖုံးဘဲ ၇မိနစ်ပြုပ်ပေးပါ
  8. မုန့်သားအကျက်ညီစေရန် မကြာမကြာ လှည့်ပေးပါ
  9. ၇မိနစ်ပြည့်တာနဲ့ မုန့်သားကြည်လာပြီး အပေါ်တ၀က်ကျက်သွားသော မုန့်လုံးကို ဇလုံတလုံးထဲ ဆယ်ပြီးထည့်ပေးပါ
  10. မုန့်သားမအေးခင် မုန့်သားကို မွနေအောင် ထိုးခြေပြီး ဟင်းရွက်ဆီ ထမင်းစားဇွန်း တဇွန်းထည့်ကာ နယ်ပေးပါ
  11. ရောနယ်ပြီးတာနဲ့ မကျည်းစေ့ တစေ့စာလောက် ယူပြီး စဥ့်နီတုံး သန့်သန့်ပေါ်မှာ မုန့်သားကိုတင်ပြီး လက်ဖနောင့်နှင့် ဖိကာ ရှေ့တိုးနောက်ဆုတ် ၅ချက်လောက် လှိမ့်ပေးပါ
  12. မုန့်လှိမ့်နေစဉ် လက်ကပ်လာလျှင် လက်ကိုရေစွတ်ပြီး မုန့်သားကုန်တဲ့အထိ လှိမ့်ပေးပါ
  13. အားလုံးပြီးတာနဲ့ မုန့်ပေါင်းမည့် အောက်ခံအိုးကို ရေတ၀က်သာသာထည့်ပြီး ဆူအောင်တည်ပေးပါ
  14. လှိမ့်ထားသော မုန့်များကို ပေါင်းအိုးဇကာထဲ ထည့်ပေးပါ
  15. အောက်ခံအိုး ရေဆူတာနဲ့ မုန့်ပေါင်းဇကာကို အဖုံးအုပ်ကာ အိုးပေါ်တင်ပေးပါ
  16. မီးအားပြင်းပြင်းနှင့် မိနစ်၂၀ပေါင်းပေးပြီးရင် မုန့်ဗိုင်းတောင့်ရပါပြီ
နှမ်းထောင်းပြုလုပ်ရန်
  • နှမ်းဖြူ ထမင်းစားဇွန်း ၃ဇွန်းကို မီးအေးအေးနှင့် ညိုလာတဲ့ထိ လှော်ပေးပါ
  • နှမ်းအရောင် ညိုလာတာနဲ့ ဆားနှင့်အတူ ငရုတ်ဆုံထဲထည့်ကာ မညက်တညက်ထောင်းပေးပါက နှမ်းလှော်ရပါပြီ
မုန့်ပွဲပြင်ရန်
  • ဇလုံတလုံးထဲမှာ မုန့်ဗိုင်းတောင့်များထည့်ပြီး ပဲဆီနှင့် နှမ်းထောင်းအနေတော်ထည့်ကာ နယ်ပေးပြီး စားပွဲပြင်ပေးပါ

No comments:

Post a Comment