Thursday 21 April 2016

လှော်စာ











လှော်စာဆိုတာ အရမ်းကြိုက်တဲ့ အစာတခုဆိုလဲ မမှားပါဘူး နာဂတောင်တန်းမှာ နေတုန်းက ဒေသအစာဖြစ်ပေမဲ့ ရာသီဥတု အေးတဲ့အတွက် ခက်ခက်ခဲခဲလေး လုပ်ကြရပြီး ရာသီဥတုပူတဲ့ မြေပြန့်မှာဆိုရင်တော့ လုပ်ရတာ ပိုပြီးလွယ်ပါတယ်။

ယူကျူ့မှာ ကြည့်တဲ့နည်းကတော့ dried yeast ball ကို သုံးပါတယ် မာမာကတော့ dried yeast cake ကို သုံးထားပါတယ် ဆိုင်မှာမေးတော့ အတူတူဘဲလို့ ပြောပါတယ် အေးရှန်းဆိုင်မှာ ၀ယ်လို့ရပါတယ် မြန်မာပြည်မှာဆိုရင်တော့ လှော်စာ ဆေးလုံးဆိုပြီး ပရဆေးဆိုင်တွေမှာ မေးပြီးဝယ်လို့ရပါတယ်။

လှော်စာလုပ်တဲ့နေရာမှာ သုံးတဲ့အိုးခွက်တွေ အရမ်းသန့်ရပါတယ် ရှေးလူကြီးတွေ အဆိုအရ လှော်စာလုပ်ချိန်မှာ အမျိုးသမီးဆိုရင် သန့်ရှင်းနေချိန်ကျမှ လုပ်ရပါတယ် လှော်စာက နတ်ကြီးတယ်လို့လဲ ပြောကြပါတယ် ဒီနေ့တော့ နတ်ကြီးတဲ့ လှော်စာလုပ်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ကောက်ညှင်းဆန် - 500 ml
  2. ရေ - 500 ml
  3. ရေသန့် - 250 ml
  4. ဆား - ထမင်းစားဇွန်း တစ်ဇွန်း
  5. dried yeast ball - 22 g
  6. သကြား - 240 ml

ပြင်ဆင်ပုံ
  1. ကောက်ညှင်းဆန်ကို ရေဆေးပြီး ရေခန စစ်ထားပါ
  2. ရေစစ်ထားသော ကောက်ညှင်းဆန်500 mlကို ရေ 500 mlနှင့်  ထမင်းပေါင်းအိုးထဲ ထည့်ကာ ချက်ပေးပါ
  3. ကောက်ညှင်းအပေါ်မူတည်ပြီး ရေကို အတိုးအလျှော့ လုပ်ပေးပါ
  4. ချက်ပြီးသော ကောက်ညှင်းသည် မပျော့လွန်း မမာလွန်း အနေအထား ရနေရပါမယ်
  5. ချက်ထားသော ကောက်ညှင်းကျက်ပါက မီးပိတ်ပြီး ၁၀မိနစ်ခန့် နှပ်ထားပါ
  6. ပြီးမှ ပန်းကန်ပြား တစ်ချပ်ထဲ ဖြန့်ထည့်ကာ အအေးခံထားပါ
  7. ဆား ကို ရေသန့်နှင့်ရောကာ ပျော်အောင်ဖျော်ထားပါ
  8. Dried yeast ball ကို ကျေသွားအောင် ထုချေပြီး ဇကာစိတ်စိတ်နှင့် စစ်ထားပါ
လှော်စာပြုလုပ်ပုံ
  • အအေးခံထားသော ကောက်ညှင်းပန်းကန်ထဲ တဆေးမှုန့်များ ဖြန့်ထည့်ပါ
  • ပြီးရင် ဆားရည် ထမင်းစားဇွန်း ၈ဇွန်းကို ဖြန့်ပြီးထည့်ပေးပါ
  • ပထမတကြိမ် ဇွန်းနဲ့ ခပ်ဖွဖွနယ်ပေးပါ
  • နောက်တစ်ကြိမ် ဆားရည်ကို လက်မှာစွတ်ပြီး ခပ်ဖွဖွနယ်ပေးပါ
  • အားလုံးပြီးသွားတာနဲ့ ဆားရည်ကို လက်မှာထပ်စွတ်ပြီး ကောက်ညှင်းကို ထမင်းစားဇွန်း တဇွန်းခန့်ယူကာအလုံးလေး လုပ်ပေးပါ
  • ကောက်ညှင်းလုံးလေးတွေ ရပြီဆိုတာနဲ့ အဆင်သင့် ပြင်ထားသော ဗူး (သို့) ဇလုံထဲမှာ စီထည့်ပါ
  • အလုံးလေးတွေ အပေါ်ကို ဆားရည် ထမင်းစားဇွန်း၂ဇွန်းကို ဖြူးပေးပါ
  • ပြီးတာနဲ့ လေလုံစေရန် glad wrap ဖြင့် တစ်ထပ်အုပ်ပေးပါ
  • အပေါ်မှ ဗူးအဖုံးကိုအုပ်ကာ လက်သုပ်ပုဝါဖြင့်ထုတ်ကာ အခန်းအပူချိန် အများဆုံး ရှိသောနေရာမှာ ထားပေးပါ
  • ရာသီဥတုအပေါ် မူတည်ပြီး ရက်အတိုးအလျှော့ ရှိနိုင်ပေမဲ့ ပုံမှန်အပူချိန်ဆိုရင် ၃ရက်လောက်နေရင် ကစော်ဖောက်လာပါပြီ
  • ထည့်ထားသော ဗူးကို ဖွင့်လိုက်တာနဲ့ လှော်စာနံ့သင်းသင်းလေး ရပြီဆိုရင် စားဖို့ပြင်နိုင်ပါပြီ
  • အပေါ်ယံမှာ အသုံးပြုသော dried yeast ကြောင့် မှိုအနည်းငယ် တက်တတ်ပါတယ်
  • ထိုမှိုများကို ဖယ်ပြီးစားနိုင်ပါတယ်
သကြားရည်ကျိုရန်
  1. သကြား - 120 ml
  2. ရေ သန့် - 500 ml
အိုးသန့်သန့်တစ်လုံးမှာ သကြားနှင့်ရေကိုရောကာ ပျော်တယ်ဆိုရုံလေး ကျိုပေးပြီး အအေးခံထားပါ
သကြားရည် အေးတာနဲ့ လှော်စာထည့်ထားသော ဗူးထဲကို ဘေးဘက်မှနေ၍ အသာလေး လောင်းထည့်ကာ glad wrapဖြင့်အုပ်ကာ တစ်နာရီလောက် ထားပြီးရင် စားသုံးရန် အသင့်ဖြစ်သော လှော်စာကို ရပါပြီ
ပိုနေသော လှော်စာကို ရေခဲသေတ္တာထဲမှာ ၅ရက်လောက်အထိ ထားပြီး စားနိုင်ပါတယ်။

လှော်စာလုပ်ရာမှာ အသုံးပြုသောပစ္စည်းများ လက်နှင့် လှော်စာထည့်မည့် ဗူးတို့မှာ သန့်ပြန့်သော ပ္စည်းများ ဖြစ်ရပါမယ်
ပထမဦးဆုံးအကြိမ် စမ်းလုပ်တာဆိုရင် အခုပေးထားသော အချိုးးအစား တစ်ဝက်လောက်ကိုဘဲ စမ်းလုပ်စေချင်ပါတယ်။

No comments:

Post a Comment