Friday, 29 April 2016

ပဲနီလေးသီးစုံ ပဲကုလားဟင်း





သီးစုံပဲချဉ်ရည်ဟင်းလေးပါ ချက်ရတာ လွယ်ကူမြန်ဆန်တဲ့ ပဲနီလေးနဲ့ချက်ထားတာမို့ အချိန်ရှားပါးတဲ့ အိမ်ရှင်မတွေအတွက် အဆင်ပြေစေမဲ့ ပဲကုလားဟင်းဆိုလဲ မမှားပါဘူး  လွယ်ကူမြန်ဆန်တဲ့ ချက်နည်းလေး မျှဝေလိုက်ပါတယ်

ပါဝင်ပစ္စည်းများ (၃ယောက် ညမနက်စာ)

  • ပဲနီလေးပဲခြမ်း - ထမင်းပေါင်းအိုး ဆန်ချင်ခွက် တခွက်
  • ခရမ်းသီး အရှည် -၂လုံး
  • အာလူး - ခပ်ကြီးကြီး ၂လုံး
  • ရုံးပတေသီး - နှစ်သက်သလောက်
  • မကျီးသီးမှည့် - ကွမ်းသီးဆံလုံးလောက် 
  • ပျဉ်းတော်သိမ်းရွက် - အခက်ကြီးကြီး ၂ခက်
  • ဆား - လက်ဖက်ရည်ဇွန်း တဇွန်း
  • ငါးငံပြာရည် - ထမင်းစားဇွန်း ၃ဇွန်း
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ (ပဲပြုပ်ထဲနှင့်ဆီသတ်ရာတွင် သုံးရန်)
  • ကြက်သွန်နီ - အနေတော် တခြမ်း
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂မွှာ
  • ချင်း - လက်တဆစ်ရဲ့တ၀က်
  • ငရုတ်သီးအရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တ၀က်သာသာ
  • ဆီ - ထမင်းစားဇွန်း ၃ဇွန်း
ပြင်ဆင်ပုံ
  • ပဲနီလေး ပဲဆန်ကို ရေဆေးပြီး ရေမြုပ်အောင်ထည့် နနွင်းမှုန့် အနည်းငယ်ထည့်ပြီး ပဲနူးသွားအောင် ပြုပ်ထားပါ
  • ရုံးပတေသီးကို အတောင့်လိုက်ရေဆေးထားပြီး အတောင့်ရှည်လျှင် ပိုင်းထားပါ
  • အာလူးကို အခွံခွာပြီး အနေတော်တုံးကာ ရေနာရီဝက်လောက် စိမ်ထားပါ
  • မကျီးသီးမှည့်ကို ရေတထပ်ဆေးပြီး ရေစိမ်ထားပါ
  • မုံလာဥနီကို အခွံခွာပြီး ရေဆေးကာ လက်တတစ်အရွယ်တုံးထားပါ
  • ခရမ်းသီးကို လေးစိတ်စိတ်ပြီး ရေစိမ်ထားပါ
  • ကြက်သွဖြူ နီ ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ ငရုတ်သီးမှုန့်တို့နဲ့ရောပြီး ထောင်းထားပါ
  • အားလုံးအဆင်သင့်ဖြစ်တာနဲ့ ဒယ်အိုးတလုံးကို အပူပေးပြီး ဆီထည့်ပါ ဆီပူလာတာနဲ့ နနွင်းမှုန့်ထည့်ကာ ငရုတ်သီးထောင်းကို ထည့်ပြီးမွှေးလာအောင်ဆီသတ်ပေးပါ 
  • ဆီသတ်နံ့မွှေးလာတာနဲ့ ပျဉ်းတော်သိမ်းရွက်များကို ထည့်ပြီးဆီသတ်ပါ
  • ပြီးတာနဲ့ ဟင်းချက်ရန်ပြင်ထားသော အာလူးနှင့် ခရမ်းသီးများကို ရေစစ်ပြီးထည့်ဆီသတ်ပါ 
  • အသီးအရွက်များ ထည့်ပြီးတာနဲ့ ငံပြာရည်ကို တခါထဲထည့်မွှေပေးပါ
  • အသီးများနည်းနည်း နွမ်းလာတာနဲ့ ပဲပြုပ်ထားသော ဇောက်နက်သည့် အိုးတလုံးထဲပြောင်းထည့်ပြီး ရေကို တရုတ်ဟင်းရည်သောက် ပန်းကန် ၂လုံးစာထည့်ပြီး အသီးများနူးအောင် တည်ပေးပါ
  • အသီးများ နူးများလာတာနဲ့ ရေစိမ်ထားသော မကျီးမှည့်ကို လက်နဲ့ဖျော်ပြီး မကျီးရည်ထည့်ပေးပါ
  • ဟင်းရည်ပွက်ပွက်ဆူပါက ရုံးပတေသီး ဆားနှင့် အရသာမှုန့်ထည့်ပြီး အရသာကို လိုသလိုပြင်ကာ သုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment