Sunday 17 April 2016

ကန်စွန်းရွက် ချဉ်ရည်ဟင်း









ကန်စွန်းရိုးနီ မရှိလေတော့ ထိုင်ဝမ်ကန်စွန်းကိုဘဲ ချဉ်ရည်ဟင်း ချက်လိုက်ပါတယ် ထိုင်ဝမ်ကန်စွန်းရွက်ပေမဲ့ ချက်နည်းလေးသိရင် အရမ်းစားကောင်းပါတယ် ကန်စွန်းရိုးနီနီးနီး စားကောင်းလွန်းတဲ့အတွက် ချက်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ထိုင်ဝမ်ကန်စွန်း - လက်တစ်ဆုတ်သာသာ စည်းထားသောအစည်း တစ်စည်း
  2. ကြက်သွန်နီ - တစ်ခြမ်း
  3. ကြက်သွန်ဖြူ - နှစ်မွှာ
  4. ချင်း - လက်တစ်ဆစ်၏ တစ်ဝက်
  5. ငရုတ်သီးမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  6. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  7. ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း
  8. ငံပြာရည် - ထမင်းစားဇွန်း သုံးဇွန်း
  9. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  10. မကျည်းသီးမှည့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းမောက်မောက်
  11. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  12. ငါးကျည်းကြပ်တိုက် - ဆယ်ကောင်

ပြင်ဆင်ပုံ
  1. ကန်စွန်းရွက်ကို သင့်သလိုလှီးပြီး ရေဆေးထားပါ
  2. ကြက်သွန်ဖြူ  ကြက်သွန်နီ ချင်းတို့ကို ခပ်နုတ်နုတ် လှီးထားပါ
  3.  ငရုတ်သီးမှုန့်ကို ပြင်ထားပါ
  4. ငါးကျည်းကြပ်တိုက်ကို ရေနာရီဝက်လောက်စိမ်ပြီး အရိုးထွင်ထားပါ
  5. မကျည်းသီးအမှည့်ကို ရေအနည်းငယ်နှင့် စိမ်ထားပါ
  6. ဇောက်နက်သော အိုးထဲမှာ ကန်စွန်းရွက်များ နနွင်းမှုန့် ဆား ငံပြာရည် အရသာမှုန့် ဆီနှင့် ငရုတ်သီးမှုန့် ကြက်သွန်ဖြူ နီ ချင်းတို့ကိုထည့်ပြီး နယ်ပေးပါ
  7. အရသာ နယ်ပြီးပါက ရေအနည်းငယ်ထည့်ပြီး အရင်ဆုံး ရေဆူအောင် တည်လိုက်ပါ
  8. ရေဆူလာတာနဲ့ အထက်အောက် သမအောင်မွှေပေးပြီး အဖုံးအုပ်ကာ ပြန်တည်ထားပါ
  9. အရွက်များ တော်တော်လေး နွမ်းလာတာနဲ့ အရိုးထွင်ထားသော ငါးကျည်းကြပ်တိုက် အသားများကိုထည့်ကာ  ရေလိုသလောက်ထည့်ပြီး ပွက်ပွက်ဆူအောင် ပြန်တည်ပေးပါ
  10. ရေပွက်ပွက်ဆူကာ အရွက်များ နူးလာပါက မကျည်းသီးအနှစ်ထည့်ပြီး ရေကို တမိနစ်လောက် ထပ်ဆူအောင်ထားလိုက်ပါ ပြီးတာနဲ့အရသာမြည်းပြီး မီးပိတ်ပေးပါ
  11.  ထမင်းမိန်စေတဲ့ ကန်စွန်းရွက် ချဉ်ငံစပ် အရသာမွှေးလွန်းတဲ့ ချဉ်ရည်ဟင်းရပါပြီ။

No comments:

Post a Comment