Saturday 30 April 2016

ဂဏန်းသား ထမင်းကြေည်



ဒီနေ့တော့ ဂဏန်းသားနဲ့ ထမင်းကြော် ဖြစ်ပါတယ် ဆီပြန်ဟင်းတွေ အသားဟင်းတွေ မစားချင်တဲ့အခါ အခုလို ထမင်းကို အရသာ အစုံလေးတွေနဲ့ ကြော်စားတဲ့ အခါမှာတော့  အပြောင်းအလဲ အနေနှင့် စားချင်စဖွယ် ဖြစ်စေမှာပါ ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ကြော်ဖြစ်တဲ့ ထမင်းကြော်နည်းကို မျှဝေလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. Jasmine Rice - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူး
  2. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး လေးဗူး (ထမင်းချက်ရန်)
  3. ဂဏန်းအသား - ထမင်းစားဇွန်း ငါးဇွန်း ( ready made ဗူးကို သုံးထားပါတယ်)
  4. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  5. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  6. မုံလာဥနီ - အနည်းငယ်
  7. ပဲစိမ်းသီး အစေ့ - အနည်းငယ်
  8. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  9. ကြက်သွန်ဖြူ - အမွှာကြီးကြီး တစ်မွှာ
  10. ဆီ - ထမင်းစားဇွန်း ငါးဇွန်း
  11. ငရုတ်ကောင်းမှုန့် - အနည်းငယ်
  12. သခွားသီး - အနည်းငယ်

ပြင်ဆင်ပုံ
  1. ဆန်ကိုရေဆေးပြီး ရေနှင့်အတူ ထမင်းပေါင်းအိုးထဲထည့်ပြီး ခလုတ်နှိပ်ကာ ချက်ပေးပါ
  2. ခလုတ်တက်ပြီူး ထမင်းကျက်ပါက အအေးခံပြီး ဖွထားပါ
  3. ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  4. ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် လှီးထားပါ
  5. မုံလာဥနီကို အခွံခွာပြီး ရေဆေးကာ ခပ်သေးသေး လှီးထားပါ
  6. ပဲစိမ်းသီး အစေ့ကို ပြင်ထားပါ
  7. ဂဏန်းသားကို ပြင်ထားပါ
  8. ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ
  9. ဆီအငွေ့တက်လာတာနဲ့ ကြက်သွန်ဖြူနှင့် ကြက်သွန်နီကို ထည့်ကြော်ပါ
  10. ကြက်သွန်များ နွမ်းလာတာနဲ့ မုံလာဥနီနှင့် ပဲစိမ်းသီးအစေ့ ဆား အချိုမှုန့်တို့ ထည့်ကြော်ပါ
  11. နှစ်မိနစ်လောက်ဘဲ ကြော်ပေးပြီး ဂဏန်းသားကို တစ်မိနစ်လောက် ထည့်မွှေပါ
  12. ပြီးတာနဲ့ အအေးခံထားသော ထမင်းကို တစ်မိနစ်သာသာလောက် ထည့်ကြော်ပြီး ငရုတ်ကောင်းမှုန့်ဖြူး၍ အရသာမြည်းကာ လိုသလို ပြင်ပေးပါ
  13. ဂဏန်းသား ထမင်းကြော် ပူပူလေးကိုနှစ်သက်ရာ ငရုတ်သီးကြော် ဂေါ်ဖီချဉ် သခွားသီးတို့နှင့် တွဲဖက်ကာ သုံးဆောင်နိုင်ရန် ပြင်ပေးနိုင်ပါပြီ။

No comments:

Post a Comment