Wednesday 13 April 2016

သင်္ဘောသီးထောင်း



သင်္ကြန်ရက်ထဲ ပျိုပျိုမေတို့ ရေကစားကအပြန် ချမ်းတုန်ချမ်း အချိန်လေးမှာ အာပူလျှာပူ လျှာဂျွမ်းပြန်လေး စားလို့ရအောင် သင်္ဘောသီးအရိုင်း ထောင်းသုပ်စပ်စပ်လေး တင်ပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. သင်္ဘောသီးစိမ်း - အနေတော် တစ်လုံး
  2. ပုဇွန်ခြောက် - အကောင် ၂၀ခန့်
  3. မြေပဲလှော် - အစေ့၂၀ခန့်
  4. ငရုတ်သီးစိမ်း - ၇တောင့်ခန့် (အစပ်ကြိုက်လျှင် ပိုထည့်ပါ)
  5. ထန်းလျှက်ခဲ - ကွမ်းသီးဆံ အလုံးလောက် ၃ခု
  6. ပုဇွန်ငပိ - ကင်ပြီးသား ကွမ်းသီးဆံလုံးလောက်
  7. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  8. သံပုရာသီး - တစ်ခြမ်း

ပြင်ဆင်ပုံ
  • သင်္ဘောသီးကို အခွံခွာပြီး ထိပ်ဖက်မှ လှီးကာ အစေးများ ကုန်သွားအောင် ရေဆေးထားပါ
  • ပြီးလျှင် အလုံးလိုက် လက်ဝါးပေါ်တင်ပြီး ဓါးထက်ထက်နှင့် လိုက်ပေါက်ပါ
  • သင်္ဘောသီး တစ်လုံးလုံးပေါက်ပြီးပါက ဓါးနှင့် ခပ်ပါးပါး လိုက်ပြီးလှီးချပေးပါ
  • လှီးပြီးသော သင်္ဘောသီးများကို သင်္ဘောသီး အစိမ်းနံ့မနံအောင် ရေများများနဲ့ ဆေးပြီးရေစစ်ထားပါ
  • မြေပဲလှော်ကို ငရုတ်ဆုံထဲထည့်ပြီး မညက်တစ်ညက်ထောင်းပြီး ဖယ်ထားပါ
  • ငရုတ်ဆုံထဲမှာ ပုဇွန်ခြောက်ကို မညက်တစ်ညက် ထည့်ထောင်းပါ
  • ငရုတ်သီးစိမ်းကိုရေဆေးပြီး အညှာခြွေပေးကာ မညက်တစ်ညက် ရောပြီးထောင်းပါ
  • ထန်းလျှက်ခဲကို ညက်နေအောင် ရောထောင်းပြီးမှ သင်္ဘောသီးကို ထည့်ထောင်းပါ
  • ထောင်းသော ကျည်ပွေ့ပေါ် မူတည်ပြီး သင်္ဘောသီးကို ကြည့်ထောင်းပါ
  • ကျောက်ကျည်ပွေ့ဆိုပါက ၁၀ချက် ၁၅ချက်လောက် ထောင်းရင်ရပြီး သစ်သားကျည်ပွေ့ဆိုပါက အချက် ၂၀ လောက်ထောင်းပေးမှ အရသာ ၀င်ပါတယ်
  • ထောင်းနေစဉ် ပုဇွန်ငပိ သံပုရာရည် ညှစ်ထည့်ပြီး ဆားပါ နည်းနည်းခြင်းဆီ ထည့်ပေးပါ
  • စားပွဲပြင်တဲ့အခါ ပန်းကန်ထဲသို့ ငရုတ်ဆုံကိုမပြီး အရည်များရော အဖတ်များပါ သွန်ချပြီး မြေပဲထောင်း ဖြူးပေးကာ ပြင်ဆင်ရပါမယ်
  • စပ်စပ်မွှေးမွှေး  သင်္ဘောသီး အရိုင်းထောင်းလေးကို မိမိနှစ်သက်သလို စားသုံးလို့ ရပါပြီ။

No comments:

Post a Comment