Saturday 30 April 2016

ခရမ်းကစော့သီး ငါးပိရည်​ဖျော်


ခရမ်းကစော့သီးတွေ အရမ်းသီးတော့ ဘာလုပ်စားရမလဲ စဉ်းစားရင်း ဒီနေ့တော့ မီးလေးအုံးပြီး ငါးပိရည်ဖျော်ဖြစ်တာနဲ့ ငါးပိရည်ဖျော်နည်းလေး မျှဝေလိုက်ပါတယ်။

မြန်မာမိသားစု အများစုရဲ့ အိမ်တအိမ်ရဲ့ ထမင်းဝိုင်းလေးမှာ ဟင်းတွေ ဘယ်လောက်ကောင်းကောင်း  ငါးပိရည်လေး တမယ်တော့ ပါတတ်ကြပါတယ် အဲဒီလိုပါဘဲ ငါးပိရည်ကို ဖျော်နည်းမျိုးစုံနဲ့ ဖျော်တတ်ကြပြီး နှစ်သက်သလို ပြင်ဆင်တတ်တာကလဲ မြန်မာလူမျိုးတို့ရဲ့ ချစ်စရာဓလေ့လေးပါ။

မာမာဆို နိုင်ငံရပ်ခြားမှာ ရောက်နေပေမဲ့ အိမ်ကထမင်းဝိုင်းလေးမှာ ငါးပိရည်ဖျော်လေး တမယ်တော့ ပါအောင်အမြဲတမ်း ဖျော်ဖြစ်ခဲ့ပါတယ် ဒီနေ့လည်း အိမ်က ခရမ်းကစော့ပင်ရဲ့အသီး ငရုတ်သီး တွေ ဆင်းခူးပြီး ထုထောင်းကာ ငါးပိရည်ဖျော်တမယ် ပြင်ဆင်လိုက်မိပါတယ် အရသာကတော့ လက်တွေ့ လုပ်စားသူများ ပိုပြီးသိမှာမို့ မာမာဖျော်နည်းလေး တင်ပေးလိုက်ပါမယ်။

ပါဝင်ပစ္စည်းများ

  1. ငါးငပိရည်ကျို - ၅ကျပ်သား
  2. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  3. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  4. ရေ - လက်ဖက်ရည် အကြမ်းပန်းကန် ၂လုံးသာသာ
  5. ငရုတ်သီးအစိမ်းတောင့် - ၁၅တောင့်
  6. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၅မွှာ
  7. ပုဇွန်ခြောက်အကောင်ကြီးကြီး - ၁၅ကောင်ခန့်
  8. ခရမ်းကစော့သီး - အလုံး ၃၀ခန့်

ပြင်ဆင်ပုံ
  • ငါးငပိကို ဆား နနွင်း ရေတို့ထည့်ပြီး ဆူအောင်တည်ပေးပါ။
  • ၃မိနစ်လောက် ဆူပြီးပါက အရိုးစစ်ပြီး အိုးတလုံးထဲ ပြန်ထည့်ပေးထားပါ။
  • ငရုတ်သီးစိမ်းနှင့် ကြက်သွန်ဖြူကို ဒယ်အိုးတလုံးထဲ ထည့်ပြီး မွှေးလာအောင် လှော်ကာ မညက်တညက် ထောင်းပေးပါ။
  • ပုဇွန်ခြောက်ကို  ညက်နေအောင် ထောင်းပေးပါ။
  • ခရမ်းကစော့သီးကို မီးအနည်းငယ်အုံးကာ ရေစင်အောင်ဆေးပြီး ငရုတ်ဆုံထဲ ထည့်ကာ မညက်တညက် ထောင်းပေးပါ။
  • အားလုံးအဆင်သင့်ဖြစ်ပါက ကျိုထားသော ငါးပိရည်အိုးထဲသို့ ထောင်းထားသော ပစ္စည်းများအားလုံးကို ထည့်ပြီး ၃မိလောက်ပြန်ကျိုပေးပါ။
  • အရသာရှိသော ခရမ်းကစော့သီး ငါးပိရည်အဖျော်လေးကို သုံးဆောင်ရန် အဆင်သင့်ဖြစ်ပါပြီ။

2 comments:

  1. မမာရဲ့ ငပိရည်ဖျော်လေးတွေနဲ့ ခြံထွက် အသီးအရွက်တို့ စရာတွေအားလုံး
    အိုင်အိုရာ့ဖေးဖရိတ်။
    ငပိရည်ဖျော်တွေအားလုံးကြိုက်တယ်မမာ။
    အိုင်အိုရာ

    ReplyDelete
    Replies
    1. အကြိုက်တူလို့
      ပျော်နေတယ် အိုင်အိုရာရေ

      Delete