Saturday 23 April 2016

ငရုတ်သီးစိမ်း ရှမ်းနံနံအုပ်တဲ့ ငါးချဉ်စပ်ဟင်း









ဒီနေ့တော့ အေးချမ်းနေတဲ့ ရာသီဥတုလေးမှာ လိုက်ဖက်မဲ့ ငရုတ်သီးစိမ်း ရှမ်းနံနံအုပ်ထားတဲ့ ငါးဟင်းချဉ်စပ်လေး ချက်ထားပါတယ် မွှေးပြီးစားကောင်းလွန်းတဲ့အတွက် ချက်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. Basa ငါး - 500 g
  2. ရှမ်းနံနံ - နှစ်သက်သလောက်
  3. ငရုတ်သီးစိမ်း  - စားနိုင်သလောက်
  4. ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်
  5. ကြက်သွန်နီ - အနေတော် တစ်လုံး
  6. ကြက်သွန်ဖြူ - အမွှာမွှာကြီးကြီး ၃မွှာ
  7. ချင်း - လက်တစ်ဆစ်ခန့်
  8. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  9. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  10. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  11. မကျည်းသီးမှည့် - ကွမ်းသီးဆံလုံးလောက်
  12. ဆီ - ထမင်းစားဇွန်း ၈ဇွန်း

ပြင်ဆင်ပုံ
  1. ငါးကို ရေဆေးပြီး လက်၃လုံးလောက်လေးတွေ တုံးထားပါ
  2. တုံးထားသောငါးကို ဆား လက်ဖက်ရည်ဇွန်း တ၀က် နနွင်းမှုန့် လက်ဖက်ရည်ဇွန်း လေးပုံတပုံ အရသာမှုန့် လက်ဖက်ရည်ဇွန်း တ၀က်တို့နှင့် နယ်ထားပါ
  3. ကြက်သွန်နီ  ကြက်သွန်ဖြူ ချင်းတို့ကို ပုံမှာပါတဲ့အတိုင်း လှီးထားပါ
  4. ပန်းကန်တခုထဲမှာ ဆား လက်ဖက်ရည်ဇွန်း တ၀က် ငရုတ်သီးမှုန့် အရသာမှုန့် လက်ဖက်ရည်ဇွန်း တ၀က် နနွင်းမှုန့် တို့ထည့်ပြီး သမအောင် နယ်ပေးပါ
  5. မကျည်းသီးမှည့်ကို ရေအနည်းငယ်ထည့်ကာ စိမ်ထားပေးပါ
  6. ဒယ်အိုးတလုံးကို အပူပေးပြီး ဆီထည့်ပါ ဆီပူလာတာနဲ့ ကြက်သွန်ဖြူ ကြက်သွန်နီ ချင်း ငရုတ်သီးမှုန့်တို့ကို ထည့်ပြီးဆီသတ်ပေးပါ
  7. ဆီသတ်နံ့ သက်းလာတာနဲ့ ငါးအသားမာလာတဲ့အထိ ဆီသတ်ပေးပါ
  8. ငါးအသားများမာလာတာနဲ့  ငါးဟင်းထဲကို မကျည်းသီးအဖတ်များဖယ်ကာ မကျည်းသီးမှည့်ရည် ထည့်မွှေပါ
  9. ငါးဟင်းအိုးထဲကို ရေကို မြုပ်လောက်ရုံလောက်ထည့်ပြီး ငရုတ်သီးစိမ်းထည့်ကာ ပွက်ပွက်ဆူအောင် တည်ပေးပါ
  10. ရေပွက်ပွက်ဆူပြီး ၅မိနစ်လောက်နေရင် အရသာမြည်း၍ လိုသလိုပြင်ကာ ဆီပြန်ကာနီးတာနဲ့ ရှမ်းနံနံရွက်အုပ်ပြီး ချဉ်ငံစပ်ငါးဟင်း မွှေးမွှေးလေး ရပါပြီ

No comments:

Post a Comment