Wednesday 6 April 2016

မုန့်ပဲဆုတ်













မုန့်ပဲဆုပ်လေး လုပ်မိတော့ ငယ်ဘ၀လေးကို အရမ်း သတိရမိပါတယ် မာမာတို့ငယ်ငယ်က အမေက  အပြင်ကမုန့် ၀ယ်စားတာ မကြိုက်လေတော့ ခနခန အဆူခံရပါတယ်။

ဒီတော့ မုန့်ဗိုင်းတောင့် စားချင်တိုင်း သူငယ်ချင်းကို ၀ယ်ဝယ်ခိုင်းပြီး တယောက်တ၀က် စားကြတာလေးက အလွမ်းပြေလေးပေါ့ရှင် အခုတော့ ကိုယ်တိုင် လုပ်စားနိုင်အောင် ပြင်ဆင်တတ်ပြီမို့ မာမာပြင်ဆင်တဲ့နည်းလေး မျှဗဝလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ထိုင်းဆန်မှုန့် - ပေါင်းအိုးဆန်ချင်ဗူး ၂ဗူးေ
  2. ကောက်ညှင်းမှုန့် - ပေါင်းအိုးဆန်ချင်ဗူး တစ်ဝက်
  3. ရေ - လိုသလောက်သုံးပါ
  4. ready made ပဲနီပြား - ပေါင်းအိုးဆန်ချင်ဗူး တစ်ဗူး
  5. ထုံး - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  6. ထုံးရေကြည်လုပ်ရန် ရေ - တရုတ်ဟင်းရည်သောက် ပန်းကန်အလတ် ၃လုံး
  7. နှမ်းထောင်း - တမင်းစားဇွန်း တဇွန်း
  8. နေကြာဆီ - ထမင်းစားဇွန်း တစ်ဇွန်း
  9. ပဲဆီ - ထမင်းစားဇွန်း ၃ဇွန်း

ပြင်ဆင်ပုံ
  1. ဆန်မှုန့်ကို ရေနည်းနည်းခြင်းထည့်ကာ နယ်ပေးပါ
  2. ရေတခါထဲ ထည့်ပါက မုန့်သားပျော့ပျဲကြီး ဖြစ်သွားနိုင်လို့ ရေကို ချင့်ချိန်ပြီး  ထည့်ပေးပါ
  3. မုန့်သား ညက်လာအောင် ၅မိနစ်လောက် အနည်းဆုံး နယ်ပေးပါ
  4. ထုံးနှင့်ရေကို ဇလုံသန့်သန့်ထဲထည့်ပြီး တညသိပ် အနည်ထိုင်ပေးထားပါ
  5. ပဲပြုပ်များကို ကျေသွားအောင် ချေထားပါ
  6. မုန့်သားလုံးပြီးပြီဆိုတာနဲ့ ထုံးများမပါအောင် အိုးသန့်သန့်ထဲ အသာလောင်းထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
  7. ထုံးရေဆူလာတာနဲ့ မုန့်သားအလုံးကို အလုံးလိုက်ထည့်ပြီး အိုးအဖုံးမဖုံးဘဲ ၇မိနစ်ပြုပ်ပေးပါ
  8. မုန့်သားအကျက်ညီစေရန် မကြာမကြာ လှည့်ပေးပါ
  9. ၇မိနစ်ပြည့်တာနဲ့ မုန့်သားကြည်လာပြီး အပေါ်တ၀က်ကျက်သွားသော မုန့်လုံးကို ဇလုံတလုံးထဲ ဆယ်ပြီးထည့်ပေးပါ
  10. မုန့်သားမအေးခင် မုန့်သားကို မွနေအောင် ထိုးခြေပြီး ဟင်းရွက်ဆီ ထမင်းစားဇွန်း တဇွန်းထည့်ကာ နယ်ပေးပါ
  11. မုန့်သားများ စေးပိုင်လာပါက ချေထားသောပဲပြုပ်နှင့် ရောနယ်ပေးပါ
  12. ရောနယ်ပြီးတာနဲ့ လက်မလောက် မုန့်လက်ဆုပ် အဆုပ်လေးများရအောင် ဆုပ်ပေးပါ
  13. မုန့်ပဲဆုပ် ဆုပ်နေစဉ် လက်ကပ်လာလျှင် လက်ကိုရေစွတ်ပြီး မုန့်သားကုန်တဲ့အထိ ဆုပ်ပေးပါ
  14. အားလုံးပြီးတာနဲ့ မုန့်ပေါင်းမည့် အောက်ခံအိုးကို ရေတ၀က်သာသာထည့်ပြီး ဆူအောင်တည်ပေးပါ
  15. ဆုပ်ထားသော မုန့်ပဲဆုပ်များကို ပေါင်းအိုးဇကာထဲ ထည့်ပေးပါ
  16. အောက်ခံအိုး ရေဆူတာနဲ့ မုန့်ပေါင်းဇကာကို အဖုံးအုပ်ကာ အိုးပေါ်တင်ပေးပါ
  17. မီးအားပြင်းပြင်းနှင့် မိနစ်၂၀ပေါင်းပေးပြီးရင် မုန့်ပဲဆုပ်ရပါပြီ။
နှမ်းထောင်းပြုလုပ်ရန်
  • နှမ်းဖြူ ထမင်းစားဇွန်း ၃ဇွန်းကို မီးအေးအေးနှင့် ညိုလာတဲ့ထိ လှော်ပေးပါ
  • နှမ်းအရောင် ညိုလာတာနဲ့ ဆားနှင့်အတူ ငရုတ်ဆုံထဲထည့်ကာ မညက်တညက်ထောင်းပေးပါက နှမ်းလှော်ရပါပြီ။
မုန့်ပွဲပြင်ရန်
  • ဇလုံတလုံးထဲမှာ မုန့်ပဲဆုပ်များထည့်ပြီး ပဲဆီနှင့် နှမ်းထောင်းအနေတော်ထည့်ကာ နယ်ပေးပြီး စားပွဲပြင်ပေးပါ။

2 comments:

  1. မုန့်ပဲဆုပ် အရမ်းကြိုက်တာ သင်္ကြန်ပိတ်ရက်ကျရင် လုပ်စားကြည့်အုံးမယ်။ ကျေးဇူးပါအမ။

    ReplyDelete
    Replies
    1. လုပ်စားကြည့်နော်

      Delete