Thursday 31 March 2016

ကြက်သားအမွ အစပ်ကြော်










ထမင်း ပေါင်မုန့်တို့နဲ့ အဆင်ပြေစွာ စားသုံးနိုင်မဲ့ ကြက်သားအမွ အစပ်ကြော်နည်းလေး မျှဝေလိုက်ပါတယ် ကြော်ရတာ နည်းနည်းလေး လက်ဝင်ပေမဲ့ စားရတာတော့ အရမ်းကောင်းပါတယ် ကြက်သားပြုပ်ရာမှာလည်း ကြက်သားအနုအရင့်ပေါ် မူတည်ပြီး ရေကို ချင့်ချိန်ပြီးထည့်ကာ ပြုပ်ပေးရပါတယ်။

ရေများလွန်းရင်လည်း ကြက်သားက ရေမခမ်းခင် အရမ်းနူးပြီး ကျေသွားတတ်ပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ကြက်ရင်ပုံသား - တစ်ကီလို
  2. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  3. အရသာမှုန့် - လက်ဖက်ရည်ဇွန်း
  4. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  5. ကြက်သွန်ဖြူ - အမွှာကြီးကြီး ဆယ်မွှာ
  6. ငရုတ်သီးလုံးခြမ်းကွဲ - ထမင်းစားဇွန်း နှစ်ဇွန်း
  7. ရေ - ကြက်သားမြုပ်အောင် ထည့်ပေးပါ
  8. ဆီ - တစ်လီတာခွဲ

ပြင်ဆင်ပုံ
  • ကြက်ရင်ပုံသားများကို ရေဆေးပြီး  ဆား အရသာမှုန့် နနွင်းမှုန့်တို့ထည့်ပြီး အရသာဝင်အောင် နယ်ပေးပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ပြီး ပုံပါအတိုင်း လှီးပေးထားပါ
  • အိုးအသားထူပြီး အောက်ခြေမကပ်သော အိုးထဲမှာ အရသာ နယ်ထားသော ကြက်သားကို ထည့်ပါ
  • ရေကို ကြက်သားအိုးထဲမှာ ကြက်သားမြုပ်အောင်ထည့်ပြီး အဖုံးအုပ်ကာ မီးအနေတော်နှင့် ပြုပ်ပေးပါ
  • ပြုပ်နေတုန်း ရေမခမ်းခင် ကြက်သားကို ဇွန်းကြီးကြီးဖြင့် ဖိချေပေးပါ
  • ဖိချေနိုင်လေ ကြက်သားက မွလေမို့လို့ ခပ်နာနာ ဖိချေပေးပါ
  • ကြက်သားများကျေပြီး မွလာတာနဲ့ ဆီနှင့် ကြက်သွန်ဖြူကိုထည့်ကာ ကြော်ပေးပါ
  • ကြော်နေစဉ် အောက်ခြေမကပ်စေရန် မကြာမကြာ မွှေပေးပါ
  • ဆီအမြှုပ်များ အပေါ်ယံကို တက်လာပြီး ကြက်သားအနည်းငယ် ကြွတ်လာတာနဲ့ ငရုတ်သီးအကြမ်မှုန့်ကို ထည့်မွှေပါ
  • ငရုတ်သီးနံ့ မွှေးလာတာနဲ့ဆီစစ်ဇကာထဲ ဆယ်ထည့်ပေးပြီး ဆီစစ်ထားပါ
  • ဆီစစ်တာနဲ့ စားသုံးရန် အသင့်ဖြစ်နေသော ကြက်သားအမွ အစပ်ကြော် မွှေးမွှေးလေးကို ရပါပြီ။

No comments:

Post a Comment