Sunday, 6 March 2016

အုန်းနို့နံ့သင်းတဲ့ မုန့်လက်ကောက်



အုန်းနို့အရာသာ စိမ့်စိမ့်လေးနဲ့ စားလို့ကောင်းလွန်းတဲ့ မုန့်လက်ကောက် လုပ်နည်းလေး မျှဝေလိုက်ပါတယ်။

မုန့်လက်ကောက်က ကြော်တတ်ပြီး ကြော်နည်းလေးသိရင် စားလို့အရမ်းကောင်းသလို ကြော်လို့လဲ လွယ်ပါတယ် မုန့်စပ်နည်းနဲ့ကြော်နည်းမကျွမ်းကျင်ရင်တော့ ကြော်တဲ့အခါ အန္တရာယ် နည်းနည်းများပါတယ်။

မကြော်ခင် မုန့်သားစပ်ပြီး အနည်းဆုံ ၂နာရီ၃နာရီလောက် မုန့်သားသေအောင် ထားပေးရပါတယ် မုန့်သားမသေရင် ကြော်တဲ့အခါမှာ မုန့်သားက ဆီပေါက်ပြီး ဆီရော မုန့်သားတွေပါ တော်တော် ခပ်ဝေးထိ လွင့်စင်ပြီး ပေါက်တတ်ပါတယ်။

ဒါကြောင့်မို့ ဆီပူမထိရလေအောင် မုန့်သားသေအောင်ထားပြီးမှ ကြော်တာအကောင်းဆုံးပါ မုန့်သားသေသွားရင်တော့ ကြော်နေစဉ် ဆီပူပေါက်ပြီးမှန်မှာ မကြောက်ရတော့ ဘူးပေါ့နော်။


ပါဝင်ပစ္စည်းများ

  • ကောက်ညှင်းမှုန့်. - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၃ဗူး
  • အုန်းနို့ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၁ ဗူး သာသာ ready made ဗူးကို သုံးလဲရပါတယ်
  • ဆီ - လက်ဖက်ရည် အကြမ်းပန်းကန် ၂လုံး
  • ထန်းလျှက်ခဲ - 200g
ပြင်ဆင်နည်းလေး ပြောပါမယ်
  • ကောက်ညှင်းမှုန့်ကို ရေထမင်းပေါင်းအိုး ဆန်ချင်ဗူး ၁ဗူးသာသာနှင့် နည်းနည်းချင်းထဲ့ကာ နယ်ပေးပါ
  • ကောက်ညှင်းမှုန့်အပေါ်မူတည်ပြီး အုန်းနို့ကို နည်းနည်းချင်းထဲ့ပြီး နယ်ပေးပါ
  • မုန့်သားပျော့ပြီး စေးလာပြီဆိုရင် မုန့်သားအရမ်းမပျော့စေရန် အုန်းနို့အကုန်မထဲ့ဘဲ ချန်ထားလိုက်ပါ
  • မုန့်သားပျော့လာပါက အ၀တ်စသန့်သန့်ကို ရေစွတ်ပြီး ရေညှစ်ကာ မုန့်သားအပေါ် အုပ်ထားပေးပါ
  • မုန့်သားသေပြီး ကြော်လို့ကောင်းစေရန် မုန့်သားကို အနည်းဆုံး ၂နာရီကျော် ၃နာရီလောက် နှပ်ထားပေးပါ
  • မုန့်သားနှပ်ပြီးတာနဲ့ လက်တဖျစ်စာသာသာ  အနေတော်မုန့်သားကိုယူကာ လက်ဖ၀ါး နှစ်ဖက်နဲ့ ပွတ်ပြီး မုန့်သားရှည်ရှည်လေးရတာနဲ့ ထိပ်စ၂ဖက်ကို အ၀ိုင်းလေးလုပ်ကာ ဖိပြီးဆက်လိုက်ပါ
  • ဆီကို မီးအပူပေးပါ
  • ဆီပူလာတာနဲ့ မီးကို အနေတော်သို့ လျှော့လိုက်ပါ
  • မီးပြင်းလွန်းရင် အတွင်းသားတွေမကျက်ဘဲ အပြင်သားလဲ ကျွမ်းလွယ်ပါတယ်
  • မီးအနေတော်နဲ့ကြော်နေစဉ် တဖက်ကျက်ရင် တဖက်ကို လှန်ပေးပါ
  • ၂ဖက်လုံး မုန့်သားအရောင် ပြောင်းသွားပြီး ကျွတ်လာပါက ဆယ်ပြီး Paper Towels ပေါ်တင်ပြီး ဆီစစ်ပေးပါ
ထန်းလျှက်ရည်ကျိုပါမယ်
  • ထန်းလျှက်ခဲ - 200g
  • ရေ. - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၃ဗူး
  • မီးအနေတော်နဲ့ ရေနှင့် ထန်းလျှက်ခဲကို ကျေအောင်ကျိုပေးပါ
  • ထန်းလျှက်ခဲများကျေသွားပါက အရည်ကို ဆက်တိုက်မွှေပေးပါ
  • မွှေနေစဉ် ထန်းလျှက်ရည် ကြွက်မှီးတန်း အနေအထား ရမရသိစေရန် ထန်းလျှက်ရည်ကို သစ်သားယောင်းမနှင့် ဆယ်ပြီး အိုးထဲမှာဘဲ ပြန်လောင်းချကြည့်ပါ
  • ကြွက်မှီးတန်း အနေအထားလောက်ရရင် အအေးခံပြီး မုန့်လက်ကောက်နှင့် စားလို့ရပါပြီ။

3 comments:

  1. အုန်းနို့နဲ့မစားဖူးသေးဘူးမမရေ အရင်ကကြော်စားဖြစ်တာရိုးရိုးပါပဲ ဆီပေါက်လို့ကြောက်ပြီးမကြော်ဖြစ်တော့ဘူး စားလို့တော့ကောင်းတယ် ဆီပူတွေထိတော့လက်မှာ အရာတွေတောင်ကျန်နေတယ်..
    အဲတာ ဆီမပေါက်အောင်ဘယ်လိုကြော်ရမလဲဟင်......ကျေးဇူးပါမမမာရေ

    ReplyDelete
  2. ဆီမပေါက်အောင် အကောင်းဆုံးကတော့ ညထဲက မုန့်သားနယ်ပြီး ဗူးထဲထည့် ရေခဲသေတ္တာထဲ ထည့်ထားပြီး မနက်ကျမှ ကြော်ရင် လုံးဝမပေါက်တော့ဘူး ညီမလေးရေ

    ReplyDelete
  3. ကျေးဇူးတင်လိုက်တာ မမရေ

    ReplyDelete