Thursday 17 March 2016

ဆိတ်သား အစိုကြော်









ဆိတ်သားကို ခပ်ပါးပါးလှီးပြီး ကြက်သွန်အဖြူ   ကြက်သွန်နီ ချင်းတို့နဲ့ အစိုမွှေးမွှေးလေး ကြော်ပါတယ် ပေါင်မုန့် ထမင်းတို့နဲ့စားလို့အရမ်းကောင်းသလို မာမာကတော့ အသီးအရွက် အစိမ်းတွေနဲ့ ကော်ပြန့်စိမ်းလေး လိပ်ပြီး စားပါတယ် ဒီတစ်ခါတော့ ဟင်းချက်နည်းလေးကိုဘဲ အရင်ဆုံး မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ဆိတ်သား - 500 g
  2. ကြက်သွန်နီ - အနေတော် တစ်လုံး
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး ငါးမွှာ
  4. ချင်း - လက်တစ်ဆစ်ခန့်
  5. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  6. ပဲငံပြာရည်အပျစ် - ထမင်းစားဇွန်း တစ်ဇွန်း
  7. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  8. ဆီ - ထမင်းစားဇွန်း ငါးဇွန်း
  9. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ

ပြင်ဆင်ပုံ
  • ဆိတ်သားကို အတုံးလိုက် ရေဆေးပြီး အရှည်လိုက် ပုံပါအတိုင်း လက်တစ်လုံးခန့် အထူလှီးထားပါ
  • ချင်းကို အခွံခွာပြီး အမြှောင်းလိုက် အရှည်လိုက် လှီးထားပါ
  • ကြက်သွန်နီကို အလုံးလိုက် အခွံခွာပြီး ရေဆေးကာ အကွင်းလိုက် ခပ်ထူထူ လှီးထားပါ
  • ကြက်သွန်ဖြူ ကို အခွံခွာပြီး ရေဆေးကာ နှစ်မွှာကို ဓါးပြားရိုက်ပြီး ခပ်နုတ်နုတ် လှီးထားပါ
  • ကျန်ကြက်သွန်ဖြူ  သုံးမွှာကို အခွံခွာကာ ရေဆေးပြီး ညက်နေအောင် ထောင်းထားပါ
  • ထောင်းထားသော ကြက်သွန်ဖြူ  ပဲငံပြာရည်အပျစ် ဆား အရသာမှုန့် တို့နှင့်ရောမွှေကာ ဆိတ်သားကိုပါ ရောနယ်ပေးထားပါ
  • ဆီကို အပူပေးပြီး နနွင်းမှုန့်ထည့်ကာ အရသာ နယ်ထားသော ဆိတ်သားကို ထည့်ကြော်ပါ
  • ကြော်နေသော ဆိတ်သားမှ ထွက်လာသော အရည်များ မခမ်းတစ်ခမ်း အနေအထားရအောင် ကြော်ပေးပါ
  • ရေနည်းနည်း ကျန်နေချိန်မှာ ဆိတ်သားကို ဘေးမှာခနတွန်းထားပြီး ကျန်နေသော အရည်ထဲမှာ ကြက်သွန်ဖြူ  ကြက်သွန်နီ ချင်းတို့ကို နွမ်းသွားအောင် ကြော်လိုက်ပါ
  • ကြက်သွန်များ နွမ်းသွားပါက ဆိတ်သားနှင့်ရောမွှေပြီး ရေခြောက်အောင် ကြော်ပေးပြီး စားပွဲပြင်နိုင်ပါပြီ။

No comments:

Post a Comment