Tuesday, 8 March 2016

ခရမ်းကြွတ်သီး အစပ်နှပ်





ခရမ်းကြွတ်သီးလေးတွေ တို့စားမယ်ဆိုပြီး ၀ယ်လာခဲ့ပေမဲ့ အိမ်ရောက်တော့ စိတ်ပြောင်းသွားပြီး ခပ်စပ်စပ်လေး နှပ်လိုက်ပါတယ် ထမင်းပူပူနဲ့ နယ်ဖတ်ပြီး စားရတာ လိုက်ဖက်လွန်းတဲ့ ခရမ်းကြွတ်သီးနှပ်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ
  • ခရမ်းကြွတ်သီး - ၁၂ လုံး
  • ညက်နေအောင် ထောင်းထားသော ကြက်သွန်နီဥကြီးကြီး - တဥ
  • ရေစိမ်ပြီး ညက်အောင်ထောင်းထားသော ပုဇွန်ခြောက် လက်ဖက်ရည်ပန်းကန်လုံး - တလုံးစာ
  • ညက်နေအောင် ထောင်းထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်သာသာ
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • ငရုတ်သီးအစိမ်းမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်းမောက်မောက်
  • ဆီ - ထမင်းစားဇွန်း လေးဇွန်း
  • ပဲငံပြာရည်အပြစ် - ထမင်းစားဇွန်း တဇွန်း
ပြင်ဆင်ပုံ
  • ခရမ်းသီးကို အညှာနားထိ ပြတ်အောင်မလှီးဘဲ လေးစိတ်လှီးပေးကာ ရေနာရီဝက်လောက် စိမ်ထားပါ
  • အညိုရောင်အရည်များ ထွက်သွားပါက ရေစင်အောင်ဆေးပြီး ရေစစ်ထားပေးပါ
  • ကြက်သွန်ဖြူ ကြက်သွန်နီ ဆား အရသာမှုန့် ပုဇွန်ခြောက်ထောင်းတို့ကို ရောနယ်ပေးထားပါ
  • ခရမ်းသီးကို လှီးထားသော နေရာကြားကို အသာလေးဟပြီး သမအောင်နယ်ထားသော အစာများထည့်ပေးပါ
  • ထည့်ပြီးတာနဲ့ ချက်နေစဉ် အစာများအပြင်ကို ပြန်မထွက်စေရန် လှီးထားသော နေရာများကို အပေါ်ဖက်မှာထားပြီး ဇောက်နက်သော အိုးထဲထဲမှာ စီပြီးထည့်ပေးပါ
  • စပ်ထားသော အစာများပိုနေပါက အိုးထဲထည့်ပြီး ချက်ပေးနိုင်ပါတယ်
  • အိုးထဲမှာ ခရမ်းသီးအစာသွတ်များ ဆီနှင့် ရေမမြုပ် တမြုပ်ထည့်ကာ အဖုံးအုပ်ပြီး တည်ပေးပါ
  • အိုးမကပ်စေရန် မမွှေဘဲ လှုပ်ပေးပါ
  • ရေ မခမ်းခင် ပဲငံပြာရည်ထည့်ပြီး အိုးကို အသာလှုပ်ပေးပြီး ဆီကျန်ရေကျန် အနေအထားလေးရအောင် တည်ပေးပါ
  • ခရမ်းသီးနူးပါက အရသာမြည်းပြီး လိုသလိုပြင်ပေးကာ အိအိမွှေးမွှေး ခရမ်းကြွတ်သီးနှပ် စပ်စပ်လေးကို သုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment