Tuesday 1 March 2016

ဖရဲခွံ ကြက်သားဟင်း


ဒီနေ့တော့ ဖရဲသီးအခွံနဲ့ ကြက်သား အရည်သောက်ဆမ်းဟင်း ချက်ပါတယ် ထုံးစံအတိုင်း ဖရဲသီးအသားကို စားပြီး အပြင်က အစိမ်းရောင် အခွံကိုခွာကာ အလယ်မှ အသားအဖြူရောင်အခွံကို ချက်ထားတာပါ ဗူးသီး ဂေါ်ရခါးသီးတို့လိုဘဲ စားလို့ကောင်းတဲ့အတွက် ချက်နည်းလေး မျှဝေလိုက်ပါတယ်။



ပါဝင်ပစ္စည်းများ

  1. အပြင်ခွံ အစိမ်းရောင်ကိုခွာပြီး လက်၂လုံးလောက် အနေတော် တုံးထားသော ဖရဲခွံ - တရုတ်ဟင်းရည်သောက် ပန်းကန်လုံး ၂လုံး
  2. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  3. ဆီ - ထမင်းစားဇွန်း တဇွန်းခွဲ
  4. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  5. ငရုတ်သီးအရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  6. ငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  7. ကြက်သား - 300 g
  8. ရေ - တရုတ်ဟင်းရည်သောက် ပန်းကန်လုံး ၂လုံး
  9. ကြက်သွန်နီ - ထောင်းပြီးသား ထမင်းစားဇွန်း ၂ဇွန်း
  10. ကြက်သွန်ဖြူ - ထောင်းပြီးသား အမွှာကြီးကြီး ၂မွှာ
  11. ချင်း - ထောင်းပြီးသား လက်တစ်ဆစ်
  12. စပါးလင် - ထောင်းပြီးသား လက်ဖက်ရည်ဇွန်း တဇွန်း

ပြင်ဆင်ပုံ
  • ဇောက်နက်နက် အိုးတစ်လုံးထဲကို အပြင်ခွံခွာကာ ရေစင်အောင်ဆေးပြီး အနေတော် တုံးထားသော ဖရဲခွံများ  အနေတော် တုံးထားသော ကြက်သား ကြက်သွန်ဖြူ ကြက်သွန်နီ ချင်း စပါးလင် ငံပြာရည် ဆား ဆီ အရသာမှုန့် ငရုတ်သီးမှုန့်တို့ထည့်ပြီး အားလုံးကို သမအောင် ရောပြီးနယ်ပေးပါ။
  • အားလုံးနယ်ပြီးပါက ရေ လက်ဖက်ရည် အကြမ်းပန်းကန် တစ်လုံးစာလောက်ထည့်ပြီး ဟင်းအိုးကို လုံးချက် တည်ပေးပါ။
  • ဟင်းအိုး ပွက်ပွက်ဆူလာပါက အိုးမကပ်စေရန် အိုးကို လှုပ်ပေးပါ။
  • ဟင်းရည်ဆူပြီး ၅မိနစ်လောက်နေရင် ရေကို တရုတ်ဟင်းရည်သောက် ပန်းကန် ၂လုံးစာထည့်ပြီး ဆူအောင်တည်ပေးပါ။
  • ရေပွက်ပွက်ဆူပြီး ၅မိနစ်လောက်နေရင် ဖရဲခွံများ နူးလာပါက အရသာမြည်းပြီး လိုသလိုပြင်ကာ ကြက်သားဖရဲခွံသောက်ဆမ်း ဟင်းရည်ကို စားပွဲပြင်နိုင်ပါပြီ။

No comments:

Post a Comment