Thursday, 3 March 2016

ရှမ်းခေါက်ဆွဲ မွှေးမွှေးလေး


ရှမ်းခေါက်ဆွဲလို့ အမည်တပ်ပေမဲ့ မာမာချက်တာ ရှမ်းစာစစ်ချင်မှ စစ်ပါလိမ့်မယ် အနီးစပ်ဆုံး ယူကျူ့ကနေ ချက်နည်းကြည့်ပြီး ချက်ထားတာပေမဲ့ စားလို့ကောင်းတဲ့အတွက် အိမ်ချက်ရှမ်းခေါက်ဆွဲချက်နည်းကို တတ်သလောက် မှတ်သလောက် ချက်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ
၇ယောက်စာအတွက်
  • ဆန်စီးခေါက်ဆွဲအခြောက် - 375 g
  • ကြက်သား သို့မဟုတ် ၀က်သား - 400 g
  • ကြက်ရိုး - 150g
  • မြေပဲလှော် - ထမင်းစားဇွန်း ၅ဇွန်း
  • ခရမ်းချဉ်သီး -  အနေတော် ၇လုံး
  • ချင်းထောင်းပြီးသား - လက်ဖက်ရည်ဇွန်း တဇွန်းသာသာ (ကြက်သားဆီသတ်ရန်)
  • ကြက်သွန်နီ ဥကြီးကြီး  - ၂လုံး(ကြက်သားဆီသတ်ရန်)
  • ကြက်သွန်ဖြူ အမွှာကြီးကြီး -  ၇မွှာ(ကြက်သားဆီသတ်ရန်နှင့် ဟင်းခါးချက်ရန်)
  • ပဲငံပြာရည် - ထမင်းစားဇွန်း တဇွန်း (အကြည်ရည်)
  • ပဲငပိ - ထမင်းစားဇွန်း ၃ဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း ၂ဇွန်း
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • အချိုမှုန့် - လက်ဖက်ရည်ဇွန်း ၂ဇွန်း
  • နှမ်း - ထမင်းစားဇွန်း ၂ဇွန်း
  • ရှမ်းချဉ် - 50g 
  • ဝက်ခေါက်ကြော် - နှစ်သက်သလောက်
  • ဆီ - 21/2cups (ငရုတ်သီးကြော်ရန် ကြက်သားဆီသတ်ရန်နှင့်နှမ်းဆီချက်ချက်ရန်)
  • ငရုတ်သီးစိမ်းမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်းမောက်မောက်
  • လက်ပံပွင့်ခြောက် - ၁၀ပွင့်
  • ငရုတ်ကောင်းမှုန့် - အနည်းငယ်
  • ငရုတ်သီးလုံးခြမ်းကွဲ - ထမင်းစားဇွန်း လေးဇွန်း
  • ချင်း - ခပ်ပါးပါး လေးပြား
ပြင်ဆင်ပုံ
  • ကြက်သားကို ခပ်သေးသေးလေးတွေတုံးပြီး နနွင်းမှုန့် ပဲငံပြာရည် ဆား လက်ဖက်ရည်ဇွန်းတဇွန်း အချိုမှုန့်လက်ဖက်ရည်ဇွန်း တဇွန်းတို့နဲ့ နယ်ထားပါ
  • ကြက်သွန်ဖြူ ကြက်သွန်နီ ချင်းတို့ကို ညက်နေထောင်းထားပါ
  • ခရမ်းချဉ်သီးကို ခပ်ပါးပါးလှီးထားပါ
  • လက်ပံပွင့်ခြောက်ကို တနာရီလောက် ရေစိမ်ထားပါ
  • ဆန်စီးခေါက်ဆွဲခြောက်ကို တနာရီလောက်ကြိုပြီး ရေစိမ်ထားပါ
  • မြေပဲကို မညက်တညက် ထောင်းထားပါ
ကြက်သားဟင်းချက်ရန်
  1. ဆီကို အပူပေးပြီး ဆီပူလာပါက ထောင်းထားသော အမွှေးနံသာများနှင့် ငရုတ်သီး အစိမ်းမှုန့်ကို ထည့်ပြီး ဆီသတ်ပါ
  2. ဆီသတ်နံ့ မွှေးလာတာနဲ့ လှီးထားသော ခရမ်းချဉ်သီးကို ကျေတဲ့အထိမွှေပေးပြီး ဆီသတ်ပါ
  3. ခရမ်းချဉ်သီး ကျေတာနဲ့ အရသာနယ်ထားသော ကြက်သားကို ထည့်မွှေပြီး ဆီသတ်ပါ
  4. ကြက်သားများမာပြီး အရောင်ပြောင်းလာမှ ရေမြုပ်အောင်ထည့်ပြီး လက်ပံပွင့်ခြောက်ထည့်၍ ကြက်သားနူးအောင် တည်ပေးပါ
  5. ကြက်သားများ နူးလာပြီး ရေမခမ်းခင် အချိန်မှာ ပဲငပိကို ထည့်မွှေပြီး အရသာမြည်းကာ လိုသလိုပြင်ပြီး မီးပိတ်ထားကာ လက်ကျန်အပူနှင့် ဟင်းအိုးကို မီးဖိုပေါ်မှာ ထားပါ
ဆန်စီးခေါက်ဆွဲပြုပ်ရန်
  • ရေစိမ်ထားသော ဆန်စီးခေါက်ဆွဲများကို ရေနွေးဆူဆူထဲထည့်ပြီး အနေတော် ပျော့လာတဲ့ထိ ပြုပ်ပေးပါ
  • ဆန်စီးခေါက်ဆွဲများ ပျော့လာပါက ဇကာထဲသွန်ချ၍ ရေနှင့် ၂ခါလောက်ဆေးပေးပြီး ရေစစ်ထားပါ
ငရုတ်သီးမှုန့် ကြော်ရန်
  • ငရုတ်သီး လုံးခြမ်းကွဲကိုကြော်ရန် ဆီ ထမင်းစားဇွန်း ၃ဇွန်းကို အပူပေးပါ
  • ဆီပူလာတာနဲ့ မီးကို အနေတော်လျှော့ပြီးမှ ငရုတ်သီးမှုန့် ထမင်းစားဇွန်း လေးဇွန်းကို ထည့်မွှေပါ
  • နီနီညိုရောင်သန်းလာတာနဲ့ ပန်းကန်တခုထဲ ပြောင်းထည့်ပြီး အအေးခံထားပါ
နှမ်းဆီချက် ချက်ရန်
  • ဆီ 1cup ကို ဒယ်အိုးထဲထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ နှမ်းဖြူ ထမင်းစားဇွန်း ၂ဇွန်းလောက်ကို ဆီထဲထည့်မွှေပါ
  • နှမ်းစေ့များ ၀ါရောင်သန်းလာတာနဲ့ ပန်းကန်တလုံးထဲထည်ပြီး အအေးခံထားပါ
ဟင်းခါးချက်ရန်
  1. ကြက်ရိုး 150g ကို ဆား လက်ဖက်ရည်ဇွန်း တဇွန်း ချင်း ခပ်ပါးပါး ၃ပြားထည့်ပြီး ရေမြုပ်ရုံထည့်ပြီးပြုပ်ပါ
  2. ပြုပ်ရည်မခမ်းခင် ရေလိုသလောက်ထည့်ပြီး အချိုမှုန့် ဆားသင့်ရုံထည့်ပြုပ်ပါ
  3. ရေပွက်ပွက်ဆူလာတာနဲ့ ကြက်သွန်ဖြူ ၂မွှာကို ထောင်းထည့်ပါ
  4. အရသာမြည်း၍ လိုသလိုပြင်ကာ ငရုတ်ကောင်းမှုန့် ထည့်ပြီး မီးနွေးနွေးနှင့် တည်ထားပါ
ပြင်ဆင်ပုံ
  • ဇောက်နက်သော ပန်းကန်တလုံးထဲ တပွဲစာ ဆန်စီးဖတ်ထည့်ပါ
  • ချက်ထားသော ကြက်သားကို အနှစ်အသား မျှထည့်ပေးပါ
  • မြေပဲထောင်းနှင့်နှမ်ဆီ ဆီချက်ကို ထမင်းစားဇွန်း တဇွန်းစီထည့်ပါ
  • ငရုတ်သီးကြော်ကြိုက်ပါက စားနိုင်သလောက် ထည့်ပေးပါ
  • ရှမ်းချဉ် ၀က်ခေါက် ဟင်းခါးတို့နှင့် တွဲဘက်ပြီး စားသုံးရန် အဆင်သင့် ရှမ်းခေါက်ဆွဲရပါပြီ။



ရှမ်းချဉ်

No comments:

Post a Comment