Wednesday, 16 March 2016

အုန်းဆီချက် အုန်းထမင်း မွှေးမွှေးလေး




ဒီတခါချက်တဲ့ အုန်းထမင်းချက်နည်းလေးက ပိုမွှေးပြီး စားရတာလဲ အရသာ ပိုကောင်းပါတယ် အုန်းနို့ကို ဆီချက်ပြီးမှ ထည့်ချက်တာမို့လို့ အုန်းနို့ဖတ် ပိုပြီးမွှေးပြီး စားမိန်ဖွယ်ရာ စိမ့်စိမ့်မွှေးမွှေး အုန်းထမင်းချက်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဘာစမာတီဆန် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး သုံးဗူး
  • ကြက်သွန်နီ - အလုံးသေးသေး ၅လုံး
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်သာသာ
  • အုန်းဆီချက်ပြီးသား - ထမင်းစားဇွန်း ၅ဇွန်း
  • ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၇ဗူးခွဲ
  • သကြား - လက်ဖက်ရည်ဇွန်း တဇွန်း
အုန်းဆီချက်ရန်
  • ရယ်ဒီမိတ် အုန်းနို့ဗူး 200g ကို ဆီ ထမင်းစားဇွန်း ၅ဇွန်းခန့်ထည့်ပြီး မီးအနေတော်နှင့် ချက်ပေးပါ
  • အုန်းဆီချက်နေစဉ် မကြာမကြာမွှေပေးပြီး အုန်းနို့ရည်များ ခဲပြီးဥလာပါက အုန်းနို့ဆီချက် ရပါပြီ
ချက်နည်းလေးပြောပါမယ်
  • ရိုးရိုးထမင်းချက်သလိုဘဲ ထမင်းပေါင်းအိုးထဲကို ဆန်ဆေးပြီး ထဲ့ချက်ပါ
  • ဆား အုန်းဆီချက် ကြက်သွန်နီ  သကြား ရေတို့ထဲ့ပြီး ခလုတ်နှိပ်ကာ ချက်ပေးပါ
  • အပျော့ဆန်ဆိုရင်တော့ ရေကို ပုံမှန်ရေထည့်သလောက်ဘဲ ထဲ့ပေးပါ
  • ရိုးရိုးထမင်းချက်သလို ချက်တာမို့ ခလုတ်တက်ရင် အုန်းထမင်းကျက်ပါပြီ
  • ကြက်သားဟင်း သိုးသားဟင်း ဆိတ်သားဟင်း အမဲသားဟင်း ကြိုက်နှစ်သက်ရာ အသားဟင်းများနဲ့ တွဲဖက်ပြီး စားသုံးနိုင်ပါတယ်။
အုန်းနို့ကို ရယ်ဒီမိတ်လာသော ဗူးများကိုသုံးနိုင်သလို အုန်းသီးအနေတော် တခြမ်းကို ခြစ်ပြီး အရည်ညှစ်ယူလို့လဲရပါတယ်။


No comments:

Post a Comment