Saturday 5 March 2016

မုန့်ပေါက်ဆီ



ဒီမုန့်လေးက မာမာငယ်ငယ်လေးထဲက အရမ်းကြိုက်တဲ့ မုန့်တမျိုးပါ မနက်စောစောစာ ဘာမုန့်စားမလဲလို့ လူကြီးတွေမေးတိုင်း မုန့်ပေါက်စီနဲ့ ဆန်ဘိန်းမုန့်ဘဲ စားတာကများပြီး ကျန်တဲ့သရည်စာတွေကို ရံဖန်ရံခါကျမှ စားတတ်ပါတယ်။
မုန့်နံမည် အခေါ်အဝေါ်လေးတွေ တနေရာနဲ့တနေရာ တူချင်မှ တူပါလိမ့်မယ် မာမာတို့ဒေသအခေါ် မုန့်ပေါက်စီ မုန့်လုပ်နည်းလေးက လွယ်ပြီး စားလို့ကောင်းတဲ့အတွက် မုန့်လုပ်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ
  • ကောက်ညှင်းမှုန့်. - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၃ဗူး
  • ရေစိမ်း - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တဗူးသာသာ
  • ဆီ - ထမင်းစားဇွန်း ၃ဇွန်း
  • ထန်းလျှက်ခဲ - 50g
  • Red kidney beans - 240g တဗူး
ပဲယိုထိုးရန်
  • ပဲဗူးကိုဖောက်ပြီး အရည်များကို သွန်၍ ရေ၂ခါလောက် ဆေးပေးပါ
  • ရေဆေးထားသော ပဲများကို ရေစစ်ပြီး ပဲစေ့များ ကျေသွားအောင် ချေပေးပါ
  • ထန်းလျှက်ခဲကို ရေအနည်းငယ်ထည့်ပြီး ကျေအောင် မီးအပူပေးပါ
  • ထန်းလျှက် အရည်ပျော်လာပါက အမှိုက်မပါအောင် အ၀တ်စသန့်သန့်နှင့် စစ်ပေးပါ
  • သန့်ထားပြီးသော ထန်းလျှက်ရည်နှင့် ချေထားသောပဲကို အိုးထဲထည့်ပြီး ထန်းလျှက်ရည် ခမ်းတဲ့ထိမွှေပေးပါ
  • ပဲယိုဖြစ်သွားပါက အအေးခံထားပါ
ပြင်ဆင်ပုံ
  • ကောက်ညှင်းမှုန့်ကို ရေထမင်းပေါင်းအိုး ဆန်ချင်ဗူး ၁ဗူးသာသာကို နည်းနည်းချင်းထဲ့ကာ နယ်ပေးပါ
  • ကောက်ညှင်းမှုန့် အပျော့အမာ အပေါ်မူတည်ပြီး ရေကို နည်းနည်းချင်းထဲ့ပြီး နယ်ပေးပါ
  • မုန့်သားပျော့ပြီး စေးလာပြီဆိုရင် မုန့်သားအရမ်းမပျော့စေရန် ရေအကုန်မထဲ့ဘဲ ရေကိုချန်ထားလိုက်ပါ
  • မုန့်သားပျော့လာပါက အ၀တ်စသန့်သန့်ကို ရေစွတ်ပြီး ရေညှစ်ကာ မုန့်သားအပေါ် အုပ်ထားပေးပါ
  • မုန့်သား အသားသေပြီး အိုးပူတိုက်လို့ကောင်းစေရန် မုန့်သားကို အနည်းဆုံး ၂နာရီကျော် ၃နာရီလောက် နှပ်ထားပေးပါ။
  • မုန့်သားနှပ်ပြီးတာနဲ့ မုန့်တလုံးစာ  အနေတော်မုန့်သားကိုယူကာ လက်ဖ၀ါး နှစ်ဖက်နဲ့ ပွတ်ပြီး မုန့်လုံးလုံးလေး ရအောင်လုပ်ထားပါ
  • မုန့်လုံးကို အလယ်မှ ချိုင့်ခွက်လေးရအောင် ပုံဖော်ပြီး ပဲယိုကို ထမင်းစားဇွန်း တဇွန်းယူကာ ထည့်ပေးပါ
  • ပြီးတာနဲ့ ပဲယိုကို အုပ်မိအောင် ဘေးသားများနှင့် ပြန်အုပ်ပေးပြီး မုန့်လုံးပြန်လုံးပေးပါ 
  • မုန့်လုံး ၆လုံးစာ ရအောင်လုံးပေးပါ
  • အောက်ခြေမကပ်သော ဒယ်အိုးပြားကို ဆီထည့်ပြီး မီးအပူပေးပါ
  • ဆီပူလာတာနဲ့ မီးကို အနေတော်သို့ လျှော့လိုက်ပါ
  • မီးပြင်းလွန်းရင် အတွင်းသားတွေ မကျက်ဘဲ အပြင်သားလဲ ကျွမ်းလွယ်ပါတယ်
  • မုန့်လုံးကို အနည်းငယ် ဖိပြားကာ တလုံးနှင့်တလုံး အနည်းငယ်ခွာပြီး ထည့်ပေးပါ
  • မီးအနေတော်နဲ့ အိုးပူတိုက်နေစဉ်  တဖက်ကျက်ရင် တဖက်ကို လှန်ပေးပါ
  • ၂ဖက်လုံး မုန့်သားအရောင် ပြောင်းသွားပြီး အပြင်ခွံ မာကျွတ်ကျွတ်လေး ဖြစ်လာပါက ဆယ်ပြီး ဆီစစ်သော စက္ကူပေါ်တင်ပြီး ဆီစစ်ပေးပါ
  • မွှေးပြီး စိမ့်နေတဲ့ ပဲမုန့်ပေါက်စီ စိမ့်စိမ့်လေးကို ရပါပြီ။

No comments:

Post a Comment