Wednesday 2 March 2016

အာလူးအစပ်ကြော်






အာလူးဆို ဘယ်လိုလုပ်ပေးပေး အရမ်းကြိုက်တဲ့ သားနဲ့သမီးအတွက် မကြာမကြာ လုပ်ပေးဖြစ်တဲ့ အကြော်လေးပါ ဒီလိုအကြော်လေးကြော်တိုင်း အမေနဲ့အဝေးဆုံးမှာ ရောက်နေတဲ့ သားကြီးကို အရင်ကထက် ပိုပြီးလွမ်းမိပါတယ် သူအရမ်းကြိုက်တဲ့ အာလူးကြော်လေး ပြေးပြီးတော့သာ ပို့လိုက်ချင်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  • အာလူး - အလုံးကြီးကြီး ၃လုံး
  • ဆား - လက်ဖက်ရည်ဇွန်း တဇွန်း (အာလူး အရသာနယ်ရန် ငရုတ်သီးကြော်ရန် တ၀က်စီသုံးပါ)
  • အချိုမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း (အာလူးအရသာနယ်ရန် ငရုတ်သီးကြော်ရန် တ၀က်စီသုံးပါ)
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • ငရုတ်သီး အကြမ်းမှုန့် - ထမင်းစားဇွန်း မောက်မောက် ၃ဇွန်း
  • ကြက်သွန်ဖြူ - ၁၅မွှာခန့်
  • ဆီ - လီတာဝက်
ပြင်ဆင်ပုံ


  1. အာလူးကို အခွံခွာကာ အခွံခွာတဲ့ ဓါးနဲ့ဘဲ ပါးပါးလှီးချပေးပါ
  2. အားလုံးပြီးရင် ရေများများနဲ့ ၃ခါလောက် ရေ ဆေးပေးပါ
  3. အာလူးအနှစ်တွေ ကုန်သွားရင် ရေအေးနဲ့ နာရီဝက်လောက် စိမ်ထားပေးပါ
  4. နာရီဝက်ပြည့်တာနဲ့ ရေစစ်ပြီး နနွင်း ဆား အချိုမှုန့် ထည့်နယ်ထားပေးပါ
  5. ဇောက်နက်တဲ့ အိုးကို အပူပေးပြီး ဆီ လီတာဝက်လောက်ထည့်ကာ အပူပေးပါ
  6. ဆီပူလာတာနဲ့ အာလူးကို အရည်စစ်ပြီး အနေတော် နည်းနည်းခြင်းယူကာ ဆီအိုးထဲထည့်ပြီး ကြော်ပေးပါ
  7. အကျက်ညီအောင် မကြာမကြာမွှေပေးပါ
  8. အာလူးကြွတ်ရွလာပြီး ရွှေဝါရောင်သန်းလာရင် ဆယ်ပြီးဆီစစ်ထားပေးပါ
  9. အာလူးကုန်တဲ့အထိ ကြော်ပေးပြီး အာလူးကြော်များကို အအေးခံထားပါ
  10. ကြက်သွန်ဖြူကို အခွံခွာ မညက်တညက်ထောင်းထားပါ
  11. ငရုတ်သီးလုံးခြမ်းကွဲကို အဆင်သင့် ပြင်ထားပါ
  12. အာလူးကြော်ထားသော ဆီများထဲမှ ဆီ ထမင်းစားဇွန်း လေးဇွန်းလောက်ကို အပူပေးပါ
  13. ဆီပူလာတာနဲ့ မီးရှိန်လျှော့ပြီး ကြက်သွန်ဖြူကို မွှေးလာအောင်ကြော် ပြီးတာနဲ့ ငရုတ်သီးမှုန့် အချိုမှုန့် ဆား အနေတော်ထည့်ကြော်ပေးပါ
  14. ကြော်ချိန်မကြာစေဘဲ ငရုတ်သီး ကျက်တာနဲ့ ပန်းကန်တခုထဲ ပြောင်းပြီးအအေးခံထား
  15. အာလူးကြော်နှင့် ငရုတ်သီးကြော်အေးတာနဲ့ ရောမွှေပြီး အာလူးအစပ်ကြော် စပ်စပ်လေးကို စားနိုင်ပါပြီ

No comments:

Post a Comment