Thursday, 10 March 2016

မုန့်လုံးကြီး အုန်းနို့ဆမ်း






မုန့်လုံးကြီး အုန်းနို့ဆမ်းလေး လုပ်စားဖြစ်လို့ နေ့လည်နေ့ခင်း အပျင်းပြေ လုပ်စားနိုင်အောင် မုန့်လုပ်နည်းလေး မျှဝေလိုက်ပါတယ် မုန့်လုပ်နည်းပုံတွေကိုတော့ အရင်မုန့်လုံးကြီး ကြော်တုန်းက ပုံကိုဘဲ မုန့်ပြင်ဆင်ပုံ အတူတူဘဲမို့လို့ ပြန်သုံးပါတယ်။
ပါဝင်ပစ္စည်းများ

  • ကောက်ညှင်းမှုန့် - ထမင်းပေါင်းအိုးဆန်ချင်ဗူး ၃ခွက်
  • ရေ - ထမင်းပေါင်းအိုးဆန်ချင်ဗူး တဗူးသာသာ
  • အုန်းသီးမှုန့် - 100g (အုန်းသီးအခြောက်မှုန့် ခြစ်ပြီးသားကို သုံးထားပါတယ်)
  • ထန်းလျှက်ခဲ - 100g ထန်းလျှက်မရှိက( သကြားကို သုံးနိုင်ပါတယ်)
  • အချိုအရသာ ပေါ့ပေါ့ကြိုက်လျှင် ထန်းလျှက်ကို လျော့ပြီးကျိုပါ
အုန်းယိုထိုးရန်
  • ရယ်ဒီမိတ် အုန်းသီးမှုန့်ကို အဆင်သင့်ပြင်ထားပေးပါ
  • ထန်းလျှက်ခဲကို ရေအနည်းငယ်ထည့်ပြီး ကျေအောင် မီးအပူပေးပါ
  • ထန်းလျှက် အရည်ပျော်လာပါက အမှိုက်မပါအောင် အ၀တ်စသန့်သန့်နှင့် စစ်ပေးပါ
  • သန့်ထားပြီးသော ထန်းလျှက်ရည်နှင့် အုန်းသီးမှုန့်ကို အိုးထဲထည့်ပြီး ထန်းလျှက်ရည် ခမ်းတဲ့ထိမွှေပေးပါ
  • အုန်းယိုဖြစ်သွားပါက အအေးခံထားပါ။
အုန်းဆီချက်ရန်
  • ရယ်ဒီမိတ် အုန်းနို့ဗူး 100g ကိုဆီ ထမင်းစားဇွန်း ၂ဇွန်းထဲ့ပြီး မီးအနေတော်နှင့် အုန်းဆီချက်ပါ
  • အဆက်မပြတ် မွှေပေးပြီး အုန်းနို့ပျစ်လာချိန်မှာ မီးပိတ်ပြီး အအေးခံထားပါ
န့်လုံးဖို့အတွက် ပြင်ပါမယ်
  • ကောက်ညှင်းမှုန့်တို့ကို ဇလုံကျယ်ကျယ်ထဲမှာ ရေနည်းနည်းချင်း ထဲ့ပြီးနှဲပေးပါ
  • မုန့်သားပျော့ပြီးစေးပိုင်လာပါက ရေပိုနေရင် ချန်ထားလိုက်ပါ
  • ရေတခါထဲ မထည့်ဘဲ ဖြေးဖြေးချင်းထည့်ပြီး မုန့်သားနှဲပါ ရေကိုလိုသလောက်ဘဲ သုံးနိုင်ပါတယ်
  • မုန့်သားပျော့လာပါက နာရီဝက်တနာရီလောက် အခန်းအပူချိန်အနိုင်း ဒီတိုင်းထားပေးပါ
  • အ၀တ်ရေစိုလေး အုပ်ထားပေးက ပိုကောင်းပါတယ်
  • အုန်းယိုကို ကွမ်းသီးဆံလောက် အလုံးလေးတွေ လုံးပေးထားပါ
  • မုန့်သားနှပ်ထားပြီးတာနဲ့ မုန့်သားကို ကွမ်းသီးလောက်ရအောင်ယူပြီး လက်ဝါးနှစ်ဖက်နှင့် ပွတ်ပြီး လုံးပေးပါ
  • အလုံးလေးဖြစ်သွားတာနဲ့ လက်ဝါးပေါ်တင်ပြီး အလယ်ကို အချိုင့်လေးဖြစ်အောင် လက်မနှင့်ဖိလိုက်ပါ
  • ချိုင့်သွားသောနေရာသို့ အုန်းယိုတခု ထဲ့လိုက်ပါ
  • အုန်းယိုပေါ်သို့ မုန့်သားပြန်အုပ်ပြီး လုံးပေးပါ
  • အုန်းယို မပေါ်အောင် မုန့်သားကို သတိထားပြီးအုပ်ပေးပါ
  • အုန်းယိုပေါ်ပါက မုန့်သားကို ရေပူထဲ ထည့်ပြီးပြုပ်ချိန်မှာ အုန်းယိုများ အပြင်သို့ ပေါက်ထွက်တတ်ပါတယ်
မုန့်လုံးကြီးပြုပ်ရန်
  1. မုန့်သားအားလုံး အစာထည့်ပြီး လုံးပြီးပါက ဇောက်နက်သောအိုးထဲ ရေများများထည့်ပြီး ဆူအောင်တည်ပါ
  2. ရေပွက်ပွက် ဆူလာပါက လုံးထားသော မုန့်လုံးများကို တလုံးချင်း ထည့်ပေးပါ
  3. မုန့်သားကျက်ပြီး ရေပေါ်ပေါ်လာပါက မုန့်အတွင်းသားများ ကျက်စေရန် နှစ်မိလောက် ထားပြီးမှ ဆယ်ပါ
  4. ဆယ်ထားသော မုန့်လုံးများကို ရေအေးဇလုံထဲထည့်ပြီး အေးတော့မှ ဆယ်ကာ ရေစစ်ထားပါ
  5. ရေစစ်ထားသော မုန့်လုံးများအား အုန်းဆီဆမ်းကာ စားပွဲပြင်ပေးနိုင်ပါပြီ။

No comments:

Post a Comment