Sunday 6 March 2016

အုန်းနို့ မုန့်လက်ကောက်ကြော်



မုန့်လက်ကောက်က ကြော်တတ်ပြီး ကြော်နည်းလေးသိရင် စားလို့အရမ်းကောင်းသလို ကြော်လို့လဲ လွယ်ပါတယ် မုန့်စပ်နည်းနဲ့ကြော်နည်း မကျွမ်းကျင်ရင်တော့ ကြော်တဲ့အခါ အန္တရာယ် နည်းနည်းများပါတယ်။

မကြော်ခင် မုန့်သားစပ်ပြီး အနည်းဆုံ ၈နာရီလောက် မုန့်သားသေအောင် ရေခဲသေတ္တာ မခဲတဲ့ အကန့်ထဲမှာ ထားပေးရပါတယ် မုန့်သားမသေရင် ကြော်တဲ့အခါမှာ မုန့်သားက ဆီပေါက်ပြီး ဆီရော မုန့်သားတွေပါ တော်တော် ခပ်ဝေးထိ လွင့်စင်ပြီး  ပေါက်တတ်ပါတယ်။

ကြော်နေစဉ် ဆီပူမထိရလေအောင် မုန့်သားသေအောင်ထားပြီးမှ ကြော်တာအကောင်းဆုံး ဖြစ်သလို ဆီကိုအရမ်းမပူစေဘဲ မီးအနေတော်နဲ့ ကြော်ပေးရသလို မုန့်သားသေသွားရင်တော့ ကြော်နေစဉ် ဆီပူပေါက်ပြီးမှန်မှာ မကြောက်ရတော့ပါဘူး။

ဒါကြောင့်မို့လို့ အုန်းနို့အရာသာ စိမ့်စိမ့်လေးနဲ့ စားလို့ကောင်းလွန်းတဲ့ မုန့်လက်ကောက် လုပ်နည်းလေး မျှဝေလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ကောက်ညှင်းမှုန့်. - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၃ဗူး
  2. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  3. ဗနီကာ - ထမင်းစားဇွန်း သုံးဇွန်း
  4. baking soda - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  5. အုန်းနို့ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၁ ဗူး သာသာ( ready made ဗူးကို သုံးလဲရပါတယ်)
  6. ရေခပ်နွေးနွေး - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူး (အုန်းနို့နှင့် ရောပြီး ကျိုရန်)
  7. ဆီ - လိုသလောက် သုံးပေးပါ
  8. ထန်းလျှက်ခဲ - 200 g
  9. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး သုံးဗူး (ထန်းလျှက်ရည်ကျိုရန်)
  10. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (ကောက်ညှင်းမှုန့်စပ်ရန်နှင့် ထန်းလျှက်ရည်ကျိုတဲ့အထဲ ထည့်ရန်)

ပြင်ဆင်ပုံ
  • ဇလုံကျယ်ကျယ် တစ်လုံးထဲမှာ ဆန်မှုန့် ဗနီကာ baking soda ဆား  ကောက်ညှင်းမှုန့်နှင့် ဆားတို့ကို ထည့်ထားပါ
  • အုန်းနို့နှင့် ရေတို့ကို ရောပြီး အိုးတစ်လုံးထဲမှာ အပူပေးပါ
  • ပြီးတာနဲ့ ကောက်ညှင်းမှုန့်ထဲကို ကျိုထားသော အုန်းနို့ရည်ကို နည်းနည်းချင်း ထည့်ပေးကာ နယ်ပေးပါ
  • ကောက်ညှင်းမှုန့် အပျော့အမာအပေါ် မူတည်ပြီး အုန်းနို့ရည်ကို နည်းနည်းချင်း ထည့်ပေးပြီး နယ်ပေးပါ
  • မုန့်သားပျော့ပြီး စေးလာပြီဆိုရင် မုန့်သားအရမ်း မပျော့စေရန် အုန်းနို့ကို အကုန်မထည့်ဘဲ ချန်ထားလိုက်ပါ
  • မုန့်သားပျော့လာပါက အ၀တ်စသန့်သန့်ကို ရေစွတ်ပြီး ရေညှစ်ကာ မုန့်သားအပေါ် အုပ်ထားပေးပါ
  • မုန့်သားသေပြီး ကြော်လို့ကောင်းစေရန် မုန့်သားကို ၈နာရီလောက် ရေခဲသေတ္တာ မခဲတဲ့ အကန့်ထဲမှာ  နှပ်ထားပေးပါ
  • မုန့်သားနှပ်ပြီးတာနဲ့ လက်တဖျစ်စာသာသာ  အနေတော်မုန့်သားကိုယူကာ လက်ဖဝါး နှစ်ဖက်နဲ့ ပွတ်ပြီး မုန့်သားရှည်ရှည်လေး ရတာနဲ့ ထိပ်စ၂ဖက်ကို အဝိုင်းလေးလုပ်ကာ ဖိပြီးဆက်လိုက်ပါ
  • ဒယ်အိုးထဲ ဆီထည့်ပြီး ဆီကိုမီးအပူပေးပါ
  • ဆီပူလာတာနဲ့ မီးကို အနေတော်သို့ လျှော့ပြီးမှ မုန့်ကွင်းကို တစ်ခုချင်း ထည့်ကြော်ပေးပါ
  • မီးပြင်းလွန်းရင် အတွင်းသားတွေ မကျက်ဘဲ အပြင်သားလဲ ကျွမ်းလွယ်ပါတယ်ဒါ
  • ကြောင့်မို့လို့ မီးအနေတော်နဲ့ ကြော်ပေးပါ
  • မုန့်လက်ကောက် ကြော်နေစဉ် တစ်ဖက်ကျက်လာရင် တစ်ဖက်ကို လှန်ပေးပါ
  • ၂ဖက်လုံး မုန့်သားအရောင် ပြောင်းသွားပြီး တစ်ခုလုံး ကျွတ်လာပါက ဆယ်ပြီး Paper Towels ပေါ်တင်ပြီး ဆီစစ်ပေးပါ။
ထန်းလျှက်ရည်ကျိုရန်
  • အိုးတစ်လုံးထဲမှာ ထန်းလျှက်ခဲ ဆားနှင့် ရေကိုထည့်ပြီး မီးအနေတော်နှင့် ထန်းလျှက်ခဲ ကျေအောင်ကျိုပေးပါ
  • ထန်းလျှက်ခဲများ ကျေသွားပါက ထန်းလျှက်ရည်ကို ဆက်တိုက်မွှေပေးပါ
  • ပြီးတာနဲ့ ပိတ်ပါးစထဲထည့်ကာ အမှိုက်များ စစ်ပေးပါ
  • အမှိုက်စစ်ထားသော ထန်းလျှက်ရည်ကို အိုးသန့်သန့် တစ်လုံးထဲ ပြန်ထည့်ပြီး ထန်းလျှက်ရည် ပျစ်လာတဲ့အထိ ပြန်ကျိုပေးပါ
  • ထန်းလျှက်ရည် ကြွက်မြှီးတန်း အနေအထား ရမရသိစေရန် ထန်းလျှက်ရည်ကို သစ်သားယောင်းမနှင့် ဆယ်ပြီး အိုးထဲမှာဘဲ ပြန်လောင်းချကြည့်ပါ
  • ကြွက်မှီးတန်း အနေအထားလောက်ရရင် အအေးခံပြီး အုန်းနို့မုန့်လက်ကောက် မွှေးမွှေးလေးနှင့်တို့ကာ စားသုံးရန် ပြင်ဆင်ပေးလို့ ရပါပြီ။

3 comments:

  1. အုန်းနို့နဲ့မစားဖူးသေးဘူးမမရေ အရင်ကကြော်စားဖြစ်တာရိုးရိုးပါပဲ ဆီပေါက်လို့ကြောက်ပြီးမကြော်ဖြစ်တော့ဘူး စားလို့တော့ကောင်းတယ် ဆီပူတွေထိတော့လက်မှာ အရာတွေတောင်ကျန်နေတယ်..
    အဲတာ ဆီမပေါက်အောင်ဘယ်လိုကြော်ရမလဲဟင်......ကျေးဇူးပါမမမာရေ

    ReplyDelete
  2. ဆီမပေါက်အောင် အကောင်းဆုံးကတော့ ညထဲက မုန့်သားနယ်ပြီး ဗူးထဲထည့် ရေခဲသေတ္တာထဲ ထည့်ထားပြီး မနက်ကျမှ ကြော်ရင် လုံးဝမပေါက်တော့ဘူး ညီမလေးရေ

    ReplyDelete
  3. ကျေးဇူးတင်လိုက်တာ မမရေ

    ReplyDelete