Friday, 6 May 2016

ကြက်​ဟင်းခါးသီး အစပ်ကြော်




ကြက်ဟင်းခါးသီးကို အချိုကြော် အစပ်ကြော် ပြုပ်ပြီးတို့ မီးအုံးတို့ ဆားရည်စိမ် အမျိုးမျိုး လုပ်စားကြတဲ့အထဲက ဒီတခါတော့ အစပ်ကြော်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ဟင်းခါးသီး - ခပ်ကြီးကြီး ၃လုံး
  • ပုဇွန်ခြောက် - ထောင်းပြီးသား လက်ဖက်ရည် ပန်းကန်လုံး တလုံး
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း ၃ပုံတပုံ
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • ငရုတ်သီး အစိမ်းမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • ပါးပါးရိတ်ရိတ်လှီးထားသော ကြက်သွန်နီ - အနေတော် တခြမ်း
  • နုတ်နုတ်စဉ်းထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
  • ဆီ - စားပွဲတင်ဇွန်း တဇွန်းခွဲ
ပြင်ဆင်ချက်ပြုပ်ပုံ
  • ကြက်ဟင်းခါးသီးကို အလယ်မှ အစေ့များဖယ်ကာ အလုံးလိုက် ခပ်ထူထူလှီးပေးပါ
  • အားလုံးလှီးပြီးပါက ရေစင်အောင်ဆေးပြီ ရေစစ်ထားပါ
  • ကြိတ်ထားသော ပုဇွန်ခြောက်မှုန့်ကို ပြင်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ပါးပါးရိတ်ရိတ်လှီးပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး နုတ်နုတ်စဉ်းထားပါ
  • အားလုံး အဆင်သင့်ဖြစ်ပါက ဆီကိုအပူပေးပြီး ဆီပူလာတာနဲ့ နနွင်းမှုန့်ထည့်ပါ
  • ပြီးတာနဲ့ကြက်သွန်ဖြူ ကြက်သွန်နီကို နွမ်းသွားအောင် ကြော်ပေးပါ
  • နွမ်းပြီဆိုတာနဲ့ ပုဇွန်ခြောက်ကို တမိနစ်လောက်ထည့်ကြော်၍ ကြက်ဟင်းခါးသီး ထည့်ကြော်ပါ
  • ဆား အရသာမှုန့်တို့ ထည့်မွှေပြီး တမိနစ်လောက်ပြည့်တာနဲ့ ရေ ထမင်းစားဇွန် ၃ ဇွန်းလောက်ထည့်ပြီး အားလုံးကို သမအောင်မွှေကာ အိုးအဖုံးမအုပ်ဘဲ ကြော်ပေးပါ
  • ဟင်းအိုးကို မမွှေဘဲ လှုပ်လှုပ်ပေးပါ
  • ဆီသံကြားပြီး ရေခမ်းလာတာနဲ့ အရသာမြည်းပြီး ကြက်ဟင်းခါးသီးကြော် စပ်စပ်လေးကို စားဖို့ပြင်ဆင်နိုင်ပါပြီ။

No comments:

Post a Comment