Friday 6 May 2016

ပဲနီလေး ပဲပေါင်း




ဒီနေ့တော့ ပဲနီလေးကို အရည်သောက် မချက်တော့ဘဲ ထမင်းပူပူလေးနဲ့ စားရလေအောင် ပဲပေါင်းစိမ့်စိမ့်လေး ချက်ဖြစ်ပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ချက်နည်းလေးကို မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ကြက်သွန်နီ - အလုံးကြီးကြီး နှစ်လုံး
  2. ပဲနီလေး - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူးခွဲ
  3. ဆီ - ထမင်းစားဇွန်း ဆယ်ငါးဇွန်း
  4. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ (ဆီချက်ချက်ရန်နှင့် ပဲပြုပ်ထဲထည့်ရန်)
  5. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်

ပြင်ဆင်ပုံ
  • ပဲကို ရေ ၂ထပ်လောက် ဆေးပြီး ပဲအထက်ရေ လက်၅လုံးလောက် မြုပ်အောင်ထည့်ပေးပါ
  • ရေမြုပ်အောင် ထည့်ထားသော အိုးထဲသို့ နနွင်းမှုန့်ထည့်ကာ ပြုပ်ပေးပါ
  • ပဲပြုပ်နေစဉ် ဝေကျတတ်သောကြောင့် အဖုံးမဖုံးဘဲ အိုးပေါ်မှာ သစ်သားယောင်းမ ကန့်လန့်ဖြတ်တင်ကာ ပြုပ်ပေးပါ
  • ပထမတစ်ရည် ခမ်းကာနီး ပဲများမနူးသေးလျှင် ရေကို ပထမဆုံး ထည့်သလိုဘဲထည့်ပြီး ပြုပ်ပေးပါ
  • ပဲများနူးလာပြီး ရေခမ်းလာပြီဆိုရင် ယောင်းမဖြင့် သမအောင် မွှေပေးပါ
  • ပဲများနူးပါက မီးပိတ်ပြီး အအေးခံထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ဆီကို အပူပေးပြီး ဆီပူလာပါက နနွင်းမှုန့် အနည်းငယ် ထည့်ပေးပါ
  • ဆီအငွေ့တက်လာတာနဲ့ ကြက်သွန်နီကို ရွှေဝါရောင် သန်းလာတဲ့ထိ ကြော်ပြီး ဆီစစ်ထားပါ
  • ကြက်သွန်ကြော်ထားသော ဆီထဲမှာ ပဲကို တစ်မိနစ်လောက် ထည့်ကြော်ပေးပါ
  • ပြီးထာနဲ့ ပန်းကန်ထဲ ပြောင်းထည့်ကာ ကြော်ပြီဆီစစ်ထားသော ကြက်သွန်ကြော် ဖြူးပြီး ပဲနီလေး ပဲနှပ် စိမ့်စိမ့်လေးကို စားသုံးနိုင်ပါပြီ။

No comments:

Post a Comment