Wednesday, 11 May 2016

ချဉ်ငံစပ် တို့ဟူးဟင်း




မာမာ ခနခနချက်စားဖြစ်တဲ့ တို့ဟူးဟင်းလေးပါ အရင်တခါလဲ တင်ဖူးပြီးသားမို့ ပြင်ဆင်ပုံကို အရင်အတိုင်းဘဲ ကော်ပီလုပ်ပြီး တင်ပေးလိုက်ပါတယ်။

သတ်သတ်လွတ် စားတဲ့သမီးလေးအတွက် ထူးရှယ်လေး ချက်ပေးထားတာပါ ချိုချဉ်ငံစပ်လေးမို့ သမီးလေး အရမ်းကြိုက်ပါတယ် မိတ်ဆွေတို့လဲ ချက်မယ်ဆို ချက်စားနိုင်အောင် မာမာ တို့ဟူးဟင်း ချက်နည်းလေး ပေးပါမယ်။

ပထမဆုံး တို့ဟူးကြိုနည်းလေး ပေးပါမယ်

  • ပဲအစိမ်းမှုန့် ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၅ဗူးကို ရေအေး ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၇ဗူးခွဲနဲ့စိမ်ပါမယ်
  • ပဲမှုန့်များကို ရေစိမ်ရာတွင် ခဲနေသောပဲမှုန့်များကို လက်နှင့်ချေပေးပါ
  • ပဲမှုန့်ရေစိမ်ချိန် ၆နာရီလောက် ကြာရပါမယ်
ပဲမှုန့်ကျိုရန်
  • မကပ်သော အိုးဇောက်နက်နက် တလုံးကို မီးအပူပေးပါ
  • တို့ဟူးကျိုပြီး ထည့်ရန် စတီးဇလုံကို ဆီသုတ်ထားပေးပါ
  • အိုးပူလာပြီဆိုတာနဲ့ မီးကို အနေတော် အလယ်အလတ်လောက် ရောက်အောင် ရှော့လိုက်ပါ
  • အိုးထဲကို အရည်ဖျော်ထားသော ပဲအရည်ကြည်များ အရင်ဆုံးထည့်ပြီး ကျိုပါမယ်
  • ပဲအရည်ကြည် ထည့်ပြီးတာနဲ့ ဆား လက်ဖက်ရည်ဇွန်း တဇွန်း နနွင်းမှုန့် လက်ဖက်ရည်ဇွန်း သုံးပုံတပုံလောက် ထည့်ပြီး မွှေပေးပါ
  • မွှေနေစဉ် ပဲရည်ကြည် ပျစ်လာတာနဲ့အနည်ထိုင်နေသော ပဲအနှစ်များကို ထည့်ပြီး မွှေပေးပါ
  • ပဲအနှစ်မွှေနေချိန် နဲနဲလေးပြစ်လာတာနဲ့ဆီ ထမင်းစားဇွန်းနှစ်ဇွန်းလောက် ပဲအနှစ်ထဲထည့်ပြီး မွှေပေးပါ
  • ပဲအနှစ်မွှေချိန် သိမ်မကြာပါဘူး ၁၀မိနစ်လောက်ဆိုရင် ရပါတယ်
  • ပဲရည်ပြစ်လာပြီး တော်တော်လေး ခဲလာပြီဆိုတာနဲ့ ဆီသုပ်ထားတဲ့ ပန်းကန်ထဲ လောင်းထဲ့ပေးပါ
  • နာရီဝက်လောက်ဆိုရင် ကောင်းကောင်း ခဲပါပြီ။
တို့ဟူးချက်ဖို့ပြင်ပါမယ်
  • တို့ဟူးကို နှစ်သက်သလိုပုံစံ နည်းနည်းထူထူလှီးကာ တပွဲစာ ပြင်ထားပါ
  • ခရမ်းချဉ်သီး ခပ်ကြီးကြီး တလုံးကို ပါးပါးလှီးပါ
  • ငရုတ်သီးစိမ် လေးတောင့်လောက်ကို ပါးပါးလှီးထားပါ
  • ကြက်သွန်နီတခြမ်းကို ခပ်ပါးပါးလှီးထားပါ
  • ကြက်သွန်ဖြူ အမွှာကြီးကြီး ၂မွှာကို ခပ်နုတ်နုတ်လှီးထားပါ
  • ကြက်သွန်မိတ်ကို လက်တဆစ်လောက် အရှယ်အရွယ် လှီးထားပါ
  • ငရုတ်သီး အရောင်တင်မှုန့် လက်ဖက်ရည်ဇွန်း တ၀က်ပြင်ထားပါ
  • ပဲငံပြာရည် ထမင်းစားဇွန်း တ၀က်ပြင်ထားပါ
  • အရသာမှုန့် လက်ဖက်ရည်ဇွန်း တ၀က်ပြင်ထားပါ
  • ဆား လက်ဖက်ရည်ဇွန်း သုံးပုံတပုံ ပြင်ထားပါ
  • ဆီ ထမင်းဝားဇွန်း နှစ်ဇွန်း ပြင်ထားပါ
တို့ဟူးချက်နည်းလေး တပွဲစာအတွက် ပြောပါမယ်
  • မကပ်သော ဒယ်အိုးတလုံးကို ဆီထည့်ပြီး အပူပေးပါ
  • ဆီပူလာပါက ကြက်သွန်အဖြူ အနီနှင့်ငရုတ်သီးမှုန့်တို့ကို ဆီသတ်ပါ
  • ဆီသတ်နံ့ သင်းလာတာနဲ့ခရမ်းချဉ်သီးကျေအောင် ရေနည်းနည်း ထည့်မွှေပါ
  • ခရမ်းချဉ်သီး ကျေလာတာနဲ့ဆား အရသာမှုန့် ပဲငံပြာရည်နှင့် ငရုတ်သီးစိမ်းတို့ကို တမိနစ်လောက် ထည့်မွှေပေးပါ
  • ခရမ်းချဉ်သီးအနှစ် ပျစ်လာတာနဲ့တို့ဟူးကိုထည့်ပြီး မမွှေဘဲ အိုးကိုလှုပ်ပေးပြီး အရသာ သမအောင်လုပ်ပေးပါ
  • တမိနစ်လောက် တည်ပြီးတာနဲ့ ကြက်သွန်မိတ်ထဲ့ပြီး ချိုချဉ်ငံစပ် အရသာထူးတဲ့ တို့ဟူးဟင်း စားပွဲပြင်နိုင်ပါပြီ

No comments:

Post a Comment