Friday, 27 May 2016

ဆိတ်သားလုံးကြော် မွှေးမွှေးလေး










အသားတွေကို ဆီပြန်ချက်လိုက် ကြော်လိုက် ပြုပ်လိုက်နဲ့ သံသရာလည်နေတဲ့ ဟင်းပွဲတွေထဲက မထွက်နိုင်သေးလေတော့ ဒီတခါ အသားကိုကြိတ်ပြီး ပြင်ဆင်ကြော်ထားတဲ့ ဆိတ်သားလုံးကြော်နဲ့ မိတ်ဆက်ပေးပါမယ်။

ကိုက်လိုက်တာနဲ့ ငါးဖယ်ကြော်လို စေးထန်းထန်း မာထုတ်ထုတ်ကလေးနဲ့ အရသာ အင်မတန်ကောင်းတဲ့ ဆိတ်သားလုံးကြော်ကို ကိုယ်တိုင်လုပ်ကြည့်စေချင်ပါတယ် အပြင်မှာ ၀ယ်စားရင် ဈေးကြီးတဲ့အတွက် အိမ်မှာလုပ်စားနိုင်အောင် မာမာကြော်တဲ့ နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဆိတ်သား - 500g
  • ငရုတ်ကောင်းစေ့ - အစေ့၂၀ခန့်
  • သကြား - ထမင်းစားဇွန်း တဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်
  • ငံပြာရည် - ထမင်းစားဇွန်း တဇွန်း
  • ဆီ - လက်ဖက်ရည်အကြမ်းပန်းကန်လုံး ၃လုံးသာသာ
  • Corn Starch - ထမင်းစားဇွန်း ၂ဇွန်း
  • Baking Powder - လက်ဖက်ရည်ဇွန်း တ၀က်
  • ဆီ - ထမင်းစားဇွန်း တဇွန်း
  • ရေ - 1/2 cup
ပြင်ဆင်ပုံ
  1. ဆိတ်သားကို ရေဆေးပြီး ရေစင်အောင် သုတ်ထားပါ
  2. ရေသုတ်ထားသော ဆိတ်သားကို ခပ်သေးသေး အတုံးလေးတွေရအောင် ပေါက်ထားပါ
  3. ဆား သကြား ဆီ ရေ ငံပြာရည် ငရုတ်ကောင်းစေ့ corn starch ,baking powderတို့ကို ရောပြီး မွှေထားပါ
  4. ခပ်သေးသေးအတုံးလေးတွေ ပေါက်ထားသော ဆိတ်သားကို ဘလင်ဒါထဲထည့်ကြိတ်ပါ
  5. တမိနစ် တခါကြိတ်ပြီး တကြိမ်နားကာ ၉ခါလောက် ကြိတ်ပေးပါ
  6. ကြိတ်နေစဉ် အရသာမွှေထားသော အရည်ကို လောင်းထည့်ပေးပါ
  7. အားလုံးသမသွားပြီဆိုတာနဲ့ အသားများကို ဇလုံတလုံးထဲ ပြောင်းထည့်ပြီး အပေါ်မှ cling warp နှင့် အသားဇလုံကို လေလုံအောင် ပိတ်ပြီး ၁၅မိနစ်လောက် အခန်းအပူချိန်အတိုင်း ထားပေးပါ
  8. အချိန်ပြည့်တာနဲ့ လက်ကိုရေစွတ်ပြီး အသားများကို အနေတော် အလုံးလေးတွေ လုံးပေးပါ
  9. အားလုံးလုံးပြီးတာနဲ့ ဇောက်နက်သောအိုး ခပ်သေးသေးတလုံးမှာ ရေထည့်ပြီး ဆူအောင်တည်ပါ
  10. ရေပွက်ပွက်ဆူလာပါက လုံးထားသော အသားလုံးများကို ရေနွေးဆူဆူထဲ ထည့်ပြုပ်ပေးပါ
  11. ရေအေးကို ဇလုံတလုံးထဲ ထည့်ပြီးပြင်ထားပါ
  12. အသားများ ကျက်လာပါက ရေပေါ်ပေါ်လာပါလိမ့်မယ်
  13. ပေါ်လာသော အသားလုံးများကို နှစ်မိနစ်လောက် ဆက်တည်ပေးထားပါ
  14. ပြီးတာနဲ့ အဆင်သင့်ပြင်ထားသော ရေအေးပန်းကန်လုံးထဲသို့ ဆယ်ပြီးထည့်ပေးပါ
  15. ရေအေးထဲမှာ နှစ်မိနစ်လောက် စိမ်ပြီးတာနဲ့ ရေစစ်ပေးပါ
အသားလုံးကြော်ရန်
  • ဒယ်အိုးတလုံးကို အပူပေးပါ
  • အိုးပူလာတာနဲ့ ဆီကိုထည့်ကာ အပူပေးပါ
  • ဆီပူလာတာနဲ့ အသားလုံးများကို ထည့်ကြော်ပေးပါ
  • တဖက်ကျက်လျှင် တဖက်ကို လှန်ပေးပြီး နှစ်ဖက်လုံးကျက်ပါက ဆယ်ပြီး ဆီစစ်ပေးပါ
  • ဆီစစ်သွားတာနဲ့ နှစ်သက်သော အချဉ်တို့နှင့် တွဲဖက်ပြီး စားနိုင်ပါပြီ
  • ပိုနေသော အသားလုံးများကို ရေခဲသေတ္တာ အပေါ်ထပ်ထဲမှာ ထည့်ပြီးသိမ်းကာ လိုသလို ထုတ်သုံးနိုင်ပါတယ်။
 ဆိတ်သားအစား အမဲသား ၀က်သား ကြက်သား သိုးသားများ အစားထိုးပြီး ပြုလုပ်နိုင်ပါတယ်။

No comments:

Post a Comment