Tuesday, 3 May 2016

အသီးအရွက်ပုဇွန် ထမင်းကြော်


ဒီနေ့တော့ အိမ်ကြော် အသီးရွက်ပုဇွန် ထမင်းကြော်လေး ကြော်ဖြစ်တာမို့ စိတ်ကူးရတဲ့အခါ ကြော်စားနိုင်ဖို့ ကြော်နည်းလေး မျှဝေလိုက်ပါတယ် မာမာ့ရဲ့ဒီနေရာလေးက စီးပွားဖြစ် လုပ်တာမဟုတ်သလို မိသားစု ထမင်းဝိုင်းအတွက် စေတနာ ၀ါသနာတွေ အပြည့်အ၀နဲ့ ချက်ထားသော ချက်နည်းများဖြစ်ပြီး အိမ်ချက် ချက်နည်းလေးတွေ မျှဝေသော နေရာလေးသာ ဖြစ်ပါတယ်။

ချက်နည်းမှားနေတယ်တို့ ပြင်ဆင်ပုံမှားနေတယ်တို့ လာပြောသူများကိုလဲ အသိပေးချင်ပါတယ်ရှင် ကျမက ဆရာကြီး မဟုတ်သလို ၀ါသနာရှင် အဆင့်လောက်ဘဲ တတ်ပါတယ် ကိုယ်တတ်တာလေးကိုဘဲ မျှဝေရုံ သက်သက်ပါ။

ပါဝင်ပစ္စည်းများ

  • ချက်ထားသော ဘာစမာတီထမင်း - တရုတ်ဟင်းရည်သောက် ပန်းကန်အလတ်တလုံး
  • အခွံခွာပြီး သန့်စင်ထားသော ပုဇွန်ထုတ် - ၁၀ကောင်
  • ဘရိုကိုလီ - ၁၀ခက်ခန့်
  • ဘေဘီပြောင်းဖူး - ၅ဖူး
  • ပြောင်းဖူးစေ့ - အနည်းငယ်
  • ရွှေပဲသီး - ၅တောင့်
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
  • ကြက်သွန်နီ - အနေတော် တခြမ်း
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း ၅ပုံတပုံ
  • ဆီ - ထမင်းစားဇွန်း လေးဇွန်း
  • နှမ်းဆီ - နှစ်စက်ခန့်
  • ပဲငံပြာရည် - ထမင်းစားဇွန်း တဇွန်း
ပြင်ဆင်ပုံ
  1. ဘာစမာတီဆန်ကို ချက်ပြီးအအေးခံထားပါ
  2. ဘရိုကိုလီ ပြောင်းဖူးစေ့ ရွှေပဲသီး ဘေဘီပြောင်းဖူးတို့ကိုမလှီးခင် ရေဆေးပြီး သင့်သလိုလှီး၍ ရေစစ်ထားပါ
  3. ပုဇွန်ထုတ်ကို အခွံခွာ မလိုတာတွေဖယ်ပြီး ရေဆေးကာ စစ်ထားပါ
  4. ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက်ရေဆေးကာ တခြမ်းကို ခပ်ပါးပါးလှီးထားပါ
  5. ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  6. ငရုတ်ကောင်း ဆား ပဲငံပြာရည် အရသာမှုန့် နှမ်းဆီတို့ကို ပြင်ထားပါ
  7. ဒယ်အိုးတလုံးကို အပူပေးပြီး ဆီထည့်ပါ
  8. ဆီအငွေ့တက်လာတာနဲ့ ကြက်သွန်အဖြူ အနီကို နွမ်းရုံလေးကြော်ပါ
  9. ပြီးတာနဲ့ ပုဇွန်ကိုထည့်ပြီး ၂မိနစ်လောက် မွှေလိုက်ပါ
  10. ပုဇွန်ကျက်တာနဲ့ ပြောင်းဖူးစေ့ ဘရိုကိုလီ ဘေဘီပြောင်းဖူး ဆား အရသာမှုန့်တို့ကိုထည့်ကာ ၂မိနစ်လောက်ဘဲ ကြော်ပေးပါ
  11. ပြီးတာနဲ့ အအေးခံထားသော ထမင်းကို ထည့်မွှေပါ
  12. ထမင်းထည့်မွှေပြီးတာနဲ့ရွှေပဲသီး ပဲငံပြာရည် ငရုတ်ကောင်းမှုန့် နှမ်ဆီတို့ ထည့်မွှေပြီး တမိနစ်လောက်နေရင် မီးပိတ်ပေးပါ
  13. အရသာကောင်းလွန်းတဲ့ အသီးအရွက်ပုဇွန် ထမင်းကြော်မွှေးမွှေးလေး သုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment