Wednesday 26 April 2017

ကောက်ညှင်းငချိတ်ပေါင်း



ဒီနေ့မနက်တော့ ရာသီဥတုက မြူလေးတွေစပြီး စိုင်းလာပါပြီ လူ့စိတ်သဘာဝ မိုးရွာတော့လဲ အမိမြေကို လွမ်းပြီးပြန်ချင်မိတယ်။

မြူလေးတွေ စိုင်းလာတော့လဲ မနက်စောစော လမ်းထလျှောက်တိုင်း အိမ်အပြန်မှာ ကောက်ညှင်းငချိတ် ပူပူလေးကို နှမ်းထောင်းလေးနဲ့ စားကြတာကို အမှတ်ရမိပြန်ပါတယ်။

ဒီတော့လဲ ကောက်ညှင်းငချိတ် ချက်နည်းလေး တင်ဖူးပြီးသားပေမဲ့ မြင်ရုံနဲ့စားချင်စိတ်လေး ပေါ်လာအောင် လွယ်ကူမြန်ဆန် ထမင်းပေါင်းအိုးနဲ့ ချက်တဲ့နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ကောက်ညှင်းငချိတ်ဆန် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၂ဗူး
  2. ရေ ထမင်းပေါင်းအိုး - ဆန်ချင်ဗူး ၄ဗူး
  3. အုန်းသီးခြစ်ပြီးသား - လိုသလောက်
  4. နှမ်းလှော်ထောင်းပြီးသား - လိုသလောက်
  5. ငါးခြောက်ဆီစိမ် - စားနိုင်သလောက်

ကောက်ညှင်းချက်ရန်
  1. ကောက်ညှင်းငချိတ်ဆန်ကို ရေဆေးပြီး ထမင်းပေါင်းအိုးထဲကို ရေနှင့်အတူထည့်ပါ
  2. ထမင်းချက်သလိုဘဲ ခလုတ်နှိတ်ပြီး ချက်ပေးပါ
  3. ခလုတ်တက်တာနဲ့ ကောက်ညှင်းချက်ပြီးသား ရပါပြီ။
နှမ်းထောင်းရန်
  1. နှမ်းအဖြူကို မီးအနေတော်နှင့် ရွှေဝါရောင် သန်းလာတဲ့ထိ လှော်ပေးပါ
  2. လှော်ပြီးသားနှမ်းနှင့် ဆား လက်ဖက်ရည်ဇွန်း တဇွန်းကို ငရုတ်ဆုံထဲမှာထည့်ပြီး မညက်ညက် ထောင်းပေးပါ
ပြင်ဆင်ပုံ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ပူပူနွေးနွေး ကောက်ညှင်းငချိတ်ကို နှမ်းထောင်း ဖြူးကာ ငါးခြောက်ဆီစိမ်နှင့်တွဲဖက်ကာ စားသုံးနိုင်ပါပြီ
  • အုန်းသီး ခြစ်ပြီးသား အဆင်သင့်ရှိပါက အုန်းသီးဖြူးပြီး စားသုံးရန် ပြင်ပေးနိုင်ပါပြီ

1 comment: