Sunday, 9 April 2017

ဆွမ်းမွှေး ကြက်သားကြော်










ဒီတခါတော့ ဆွမ်းမွှေးရွက်တွေ ၀ယ်ထားတာ မုန့်လုပ်စားလဲ မကုန်နိုင် ကြာရင်လဲ လွှင့်ပြစ်ရမဲ့ အခြေအနေဆိုတော့ ကြက်သားကို ဆွမ်းမွှေးရွက်နဲ့ထုတ်ပြီး ကြော်စားဖြစ်ပါတယ် သမင်မွေးလိုက် ကျားစားလိုက်နဲ့ ဓါတ်ပုံရိုက်ဖို့ မနည်းချန်ရတဲ့ အဖြစ်လေးပါ စားလို့ကောင်းလွန်းတဲ့အတွက် မာမာကြော်တဲ့နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ပေါင် - ခပ်ကြီးကြီး ၄ခု
  • ဆွမ်းမွှေးရွက် - လိုသလောက်
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်မရှိတရှိ
  • သကြား - လက်ဖက်ရည်ဇွန်း တဇွန်း
  • ခရုဆီ - ထမင်းစားဇွန်း တဇွန်း
  • ပဲငံပြာရည်အကြည် - ထမင်းစားဇွန်း တ၀က်သာသာ
  • cooking wine - လက်ဖက်ရည်ဇွန်း တဇွန်းသာသာ
  • ပဲငံပြာရည်အနောက် - ထမင်းစားဇွန်း တဇွန်း
  • ကြက်သွန်နီ - အနေတော် တလုံး
  • ချင်း - လက်တဆစ်ခန့်
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • ဆီ - လိုသလောက်
ပြင်ဆင်ပုံ
  • ကြက်ပေါင်ကို ရေဆေးပြီး အလယ်ရိုးကို ထွင်ပေးကာ အသားကို အနေတော် အတုံးလေးတွေ တုံးထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက်ရေဆေးကာ ညက်အောင်ထောင်းပေးပါ
  • ချင်းကိုအခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းပေးပါ
  • အားလုံးအဆင်သင့်ဖြစ်တာနဲ့ ကြက်သားပန်ကန်ထဲမှာ ဆွမ်းမွှေးရွက်ကလွဲပြီး အားလုံးထည့်ပြီး သမအောင် နယ်ပေးပါ
  • အရသာ သမသွားပြီဆိုတာနဲ့ နာရီဝက်လောက် အရသာဝင်အောင် နှပ်ပေးထားပါ
  • အရသာနှပ်ထားချိန် ပြည့်တာနဲ့ ဆွမ်းမွှေးရွက်ကို ပြင်ပေးပါ
  • ဆွမ်းမွှေးရွက်ကို အရင်းပိုင်းဖက်က အတိုထားပြီး ကန်တော့ချွန် ပုံစံခေါက်လိုက်ပါ
  • ထိုအထဲမှာ အသားတတုံးကို ထည့်ပေးပြီး ပါတ်ပေးပါ
  • တပါတ်ပါတ်ပြီးတိုင်း ထုတ်ထားသော အရွက်များ ပြည်မသွားစေရန် ပထမပါတ်ထားသော အရွက်ခေါက်ထဲကို ထိုးထည့်ကာ အရွက်အသား ကုန်တဲ့အထိ ထိုနည်းအတိုင်း ပါတ်ပေးပါ
  • အရသာ နယ်ထားသော ကြက်သားကုန်တဲ့အထိ ထုတ်ပေးပါ
  • အားလုံးပြီးတာနဲ့ ဆီကိုဒယ်အိုးထဲထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ မီးကို အနေတော် ရှော့ပေးပြီးမှ ဆွမ်းမွှေးကြက်သားထုတ်များကို အိုးဆန့်သလောက် ထည့်ပေးပါ
  • ကြော်နေစဉ် မီးမများအောင် သတိထားပါ
  • တဖက်ရွှေဝါရောင် သန်းလာပါက နောက်တဖက်ကို လှန်ပေးပါ
  • နှစ်ဖက်စလုံး ရွှေအိုရောင်သန်းလာတာနဲ့ ဆယ်ပြီးဆီစစ်ပါ
  • ဆီစစ်သွားပြီဆိုတာနဲ့ ဆွမ်းမွှေးရွက်နံ့လေး သင်းနေတဲ့ ဆွမ်းမွှေးကြက်သားကြော် မွှေးမွှေးလေးကို နှစ်သက်ရာအချဉ်တို့နဲ့ တွဲဖက်ပြီး စားသုံးနိုင်ပါပြီ။

No comments:

Post a Comment