Sunday, 16 April 2017

ပဲကြာဇံ ဟင်းခါး





ရာသီဥတုလေး အေးလာလေ ပူပူစပ်စပ်လေးတွေ စားချင်လာလေပါဘဲ ငါးခူစဉ်းကောလုပ်ဖို့ ငါးခူးအသားတွေ လွှာထားကာ ချန်ထားပြီး ကျန်နေတဲ့အရိုးကို ငံပြာရည်နဲ့ပြုပ် အသားထွင် အရိုးကိုထောင်း အရည်ငင်ကာ ဟင်းခါးဟင်း အရည်သောက်လေး တမယ်ချက်ဖြစ်လို့ ချက်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ငါးခူ အသားလွှာပြီး ကျန်သော ငါးအရိုး - ၃ခု
  • ပဲလိပ်ခြောက် - အချပ်ကြီး ၂ချပ်
  • ပဲကြာဇံ အခြောက် - လက်တဆုတ်စာ
  • ကြွက်နားရွက်မှို  - ၅ပွင့်ခန့်
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၄မွှာ
  • ကြက်သွန်နီ - အနေတော် ၂လုံး
  • ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်သာသာ
  • ငါးငံပြာရည် - ထမင်းစားဇွန်း ၂ဇွန်း
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်းတဇွန်း

ပြင်ဆင်ပုံ



  • ပဲလိပ်ကို ရေစိမ်ထားပြီး နူးလာပါက အနေတော် ပိုင်းဖြတ်ပေးပါ
  • ပဲကြာဇံကို ရေနာရီဝက်လောက် စိမ်ပေးပြီး အနေတော် ဖြတ်ပေးထားပါ
  • အသားလွှာထားသော ငါးအရိုးကို ငံပြာရည် အနည်းငယ်နှင့် ရေမြုပ်အောင်ထည့်ပြီး ပြုပ်ပေးပါ
  • ပြုပ်ထားသော အရိုးမှ အသားများ ကျက်တာနဲ့ အရိုးအသား သတ်သတ်ဆီ ထွင်ပေးပါ
  • အရိုးများကို ငရုတ်ဆုံထဲမှာ ညက်နေအောင် ထောင်းပေးကာ ရေအနည်းငယ်နှင့် အရည်ငင်ပေးပါ
  • ရလာသော အရည်ကို ဟင်းရည်အိုးထဲ ထည့်ပေးထားပါ
  • ကြွက်နားရွက်မှိုများကို ရေနာရီဝက်လောက် စိမ်ထားပြီး ရေဆေးကာ အနေတော် ဖဲ့ထားပါ
  • ကြက်သွန်ဖြူကို မညက်တညက် ထောင်းထားပါ
  • ကြက်သွန်နီကို အခွံကာ အလုံးလိုက် ရေဆေးပြီး အဖတ်လေးများ ရအောင် လှီးထားပါ
  • ငရုတ်ကောင်းအလှော် ၇စေ့လောက်ကို ညက်နေအောင် ထောင်းထားပါ
  • အိုးတလုံးထဲတွင် ထည့်ထားသော ငါးအရိုးထောင်းရည် ငံပြာရည်နှင့် ရေကို တရုတ်ဟင်းရည်သောက် ပန်းကန်၂လုံးစာထဲ့ပြီး တည်ပေးပါ 
  • ဟင်းရည်အိုး ဆူလာပါက ထွင်ထားသော ငါးအသားများ  ဆားနှင့် အရသာမှုန့်တို့ထည့်ပြီး ဆူအောင်တည်ပေးပါ
  • ရေဆူလာတာနဲ့ကြက်သွန်နီ ပဲကြာဇံ မှိုခြောက်နှင့် ပဲလိပ်တို့ကိုထည့်ပြီး နူးအောင်တည်ပေးပါ
  • ရေပွက်ပွက် ဆူလာပါက ကြက်သွန်ဖြူနှင့် ငရုတ်ကောင်းမှုန့် ကိုရောထောင်းပြီး ဟင်းရည်အိုးထဲထည့်ပေးပါ
  • ပြီးတာနဲ့ နှစ်မိလောက် ဆူအောင်တည်ကာ အရသာမြည်းပြီး လိုသလို ပြင်ပေးပါ
  • ဟင်းရည်အိုး ကျက်ပြီဆိုတာနဲ့ပဲ ကြာဇံဟင်းခါး ပူပူစပ်စပ်လေးကို သုံးဆောင်နိုင်ပါပြီ။
  • No comments:

    Post a Comment