Sunday 23 April 2017

ကြက်သား ကောက်ညှင်းပေါင်း











ဒီနေ့မနက်စာအတွက် မနက်စောစောစာ ဘာလုပ်ရင် ကောင်းမလဲ ဆိုတာကို မနေ့ညထဲက စဉ်းစားမိလေတော့ လိုမယ်ထင်တာလေးတွေ ပြင်ဆင်ရင်း ကောက်ညှင်းကို ညထဲက ရေစိမ်ထားကာ တရုတ်စတိုင်လ် ကောက်ညှင်းပေါင်းဖြစ်တာနဲ့ မာမာပြင်ဆင်ပြီး ပေါင်းတဲ့ ပေါင်းနည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ကောက်ညှင်းဆန် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၂ဗူး
  2. ကြက်ပေါင်သား - အသားထွင်ပြီးသား 200 g
  3. တရုတ်မှို အခြောက် - ၄ပွင့်
  4. ပဲငံပြာရည် အကြည် - ထမင်းစားဇွန်း ၃ဇွန်း ( ကြက်သားနှင့် ကောက်ညှင်းကြော်တွင် တ၀က်စီ ခွဲသုံးပါ)
  5. ပဲငံပြာရည်အနောက် - ထမင်းစားဇွန်း ၃ဇွန်း( ။ )
  6. soy sauce - ထမင်စားဇွန်း တဇွန်း ( ။ )
  7. cooking wine - လက်ဖက်ရည်ဇွန်း တဇွန်း ( ။ )
  8. ခရုဆီ - ထမင်းစားဇွန်း ၂ဇွန်း ( ။ )
  9. ဆီ - ထမင်းစားဇွန်း ၅ဇွန်း ( ။ )
  10. ဆား - လက်ဖက်ရည်ဇွန်း တဇွန်း ( ။ )
  11. နှမ်းဆီ - လက်ဖက်ရည်ဇွန်း တဇွန်း ( ။ )
  12. ကြက်သွန်နီ - အနေတော် တလုံး ( ။ )
  13. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၅မွှာ ( ။ )
  14. သကြားအညို - လက်ဖက်ရည်ဇွန်း တဇွန်း 
  15. ၀က်အူချောင်း -၂ချောင်း
  16. ခဲပါတ်ပြား - တခု
  17. တရုတ်ဟင်းရည်သောက် ပန်းကန်အလတ် - တလုံး
  18. တရုတ်ဟင်းပြင် ပန်းကန် - တချပ်
  19. ပန်းကန်ပြား - တချပ်

ပြင်ဆင်ပုံ
  • ကောက်ညှင်းဆန်ကို ရေမြုပ်အောင်ထည့်ကာ အနည်းဆုံး ၈နာရီခန့် စိမ်ပေးပြီး ရေစစ်ထားပါ
  • ကြက်သားကို အရိုးထွင်ပြီ ရေဆေးကား အသားများကို အနေတော် တုံးပေးထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် လှီးပေးထားကာ တ၀က်စီ ခွဲထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် လှီးပေးကာ တ၀က်စီ ခွဲထားပါ
  • ၀က်အူချောင်းကို မထူမပါး ခပ်စောင်းစောင်းလေးတွေ လှီးပေးထားပါ
  • မှိုကို ရေတနာရီလောက် စိမ်ပေးထားထာ အနေတော် လှီးပေးထားပါ
  • ကျန်လိုအပ်သော ပစ္စည်းများကို ပြင်ထားပါ
ကောက်ညှင်းချက်ရန် ပြင်ဆင်ပုံ
  • အရင်ဆုံး ကြက်သားကို cooking wine ဆား သကြား ခရုဆီ ပဲငံပြာရည်အကြည် ပဲငံပြာရည်အနောက်  အလယ်အလတ် ပဲငံပြာရည်နှင့် မှိုစိမ်ထားသော အရည် ထမင်းစားဇွန်း ၅ဇွန်းလောက်ထည့်ကာ သမအောင် မွှေပြီး ရေခဲသေတ္တာ အောက်ထပ်မှာ နာရီဝက်လောက် ထားပေးပါ
  • ဒယ်အိုးတလုံးထဲမှာ ဆီအနည်းငယ်ထည့်ပြီး ၀က်အူချောင်းကို ကျက်အောင်ကြော်ပြီး ဆယ်ထားပါ
  • ထိုအိုးထဲမှာဘဲ ဆီ ထမင်းစားဇွန်း ၂ဇွန်းလောက် ထပ်ထည့်ကာ ကြက်သွန်ဖြူ ကြက်သွန်နီတို့ကို နွမ်းရုံလေး ကြော်ပေးပြီး အရသာနယ်ထားသော ကြက်သားနှင့် မှိုကို ဆီသတ်ပေးပါ
  • ဆီသတ်ပြီးတာနဲ့ ထိုကြက်သားထဲကို မှိုစိမ်ထားသော အရည်မြုပ်အောင်ထည့်ပြီး အသားကျက်အောင် ချက်ပေးကာ အသားများကို ဆယ်ထားပါ
  • ထိုဒယ်အိုးထဲကိုဘဲ ဆီထမင်းစားဇွန်း ၂ဇွန်းလောက် ထပ်ထည့်ကာ ကြက်သွန်အဖြူ ကြက်သွန်နီတို့ကို ထည့်ကြော်ပေးပါ
  • ကြက်သွန်နွမ်းတာနဲ့ ရေစစ်ထားသော ကောက်ညှင်း ဆား ပဲငံပြာရည် ပဲငံပြာရည်အနောက်တို့ကို ထည့်မွှေပေးပါ
  • ကောက်ညှင်းသား မာလာတာနဲ့ ရေလက်ဖက်ရည် ပန်ကန်လုံး တ၀က်လောက်ထည့်ကာ တည်ပေးပါ
  • ထည့်ထားသောရေ ခမ်းတာနဲ့ အသားထူသော ကြွေပန်းကန်ထဲ ပြောင်းထည့်ပေးပါ
ကောက်ညှင်းပေါင်းရန်
  • အိုးအ၀ကျယ်တလုံးထဲကို ရေထည့်ကာ ထိုရေထဲမှာ ပန်းကန်တင်ရန် ခုံလေးတခုခင်းပေးပါ
  • ထိုခုံလေးပေါ်မှာ ကောက်ညှင်းထည့်ထားသော ပန်းကန်ကိုတင်ကာ အဖုံးအုပ်ပေးပြီး ၄၅မိနစ်ခန့် ပေါင်းပေးပါ
  • ကောက်ညှင်းပေါင်းနေတုန်း တရုတ်ဟင်းရည်သောက် ပန်းကန်လုံးထဲမှာ ကြော်ထားသော ၀က်အူချောင်းနှင့် ချက်ထားသော ကြက်သားများကို စီပြီးထည့်ပေးပါ
  • ပေါင်းထားသော ကောက်ညှင်းပေါင်း အချိန်ပြည့်တာနဲ့ အိုးထဲမှဖယ်ပြီး ကြက်သားနှင့် ၀က်အူချောင်း ထည့်ထားသော ပန်းကန်ထဲကို ပြောင်းထည့်ပေးပါ
  • ကောက်ညှင်းပေါင်းများ အသားနှင့် ကပ်နေစေရန် ဖိဖိပြီး ထည့်ပေးပြီး ထိုကောက်ညှင်းထဲကို ရေ ထမင်းစားဇွန်း ၄ဇွန်းလောက် ဖျန်းပေးပါ
  • ကောက်ညှင်း၂ဗူးကို ဟင်းရည်သောက် ပန်းကန်အလတ် တလုံးစာ ရပါတယ်
  • ကောက်ညှင်းများ ထည့်ပြီးတာနဲ့ အပေါ်မှ ခဲပြားအုပ်ကာ ကောက်ညှင်းများကို ထပ်ဖိပေးပါ
  • ပြီးတာနဲ့ အခုန ကောက်ညှင်းပေါင်းလက်စ ရေနွေးအိုးထဲမှာ ကောက်ညှင်းပန်းကန်ကိုထည့်ပြီး အပေါ်မှ အဖုံးတခု ထပ်ဖုံးကာ ၂၅မိနစ်ခန့် ထပ်ပေါင်းပေးပါ
  • ကောက်ညှင်းပေါင်းချိန် ပြည့်ပြီဆိုတာနဲ့ အိုးအပြင်ကို ထုတ်ပေးပါ
  • ကောက်ညှင်းပေါင်း ပန်းကန်ကို အုပ်ထားသော ခဲပါတ်ပြားကို ဖယ်ပေးကာ ကောက်ညှင်းများ ပန်းကန်ထဲ ထည့်ရလွယ်အောင် ပန်းကန်ပါတ်ပါတ်လည်ကို ဓါးဦးချွန်လေးနှင့် အသာလေး လိုက်ခွာပေးပါ
  • ပြီးတာနဲ့ အဆင်သင့် ပြင်ထားသော ပန်းကန်ပြားထဲကို ကောက်ညှင်းပန်းကန်အား လက်အိတ်နှင့်ကိုင်ကာ မှောက်ချပေးပါ
  • စားချင့်စဖွယ် မွှေးကြိုင်နေသော ကြက်သား ကောက်ညှင်းချက် အိအိလေးကို စားသုံးရန် ပြင်ပေးနိုင်ပါပြီ။
  • ပုံတွေတင်ရတာ အဆင့်တွေ များတဲ့အတွက် တချို့ပုံတွေ ချန်ထားခဲ့ပါတယ်။
တခါတလေ အသုံးပြုသော ကောက်ညှင်းသား အပျော့အမာ မတူနိုင်သောကြောင့် ကောက်ညှင်းအပေါ် ဖျန်းမည့် ရေအနည်းအများကို ချင့်ချိန်ပြီး ထည့်ရန် လိုပါတယ်။

No comments:

Post a Comment