Tuesday, 11 April 2017

ကင်ပွန်းချဉ်ရွက် ချဉ်ရည်ဟင်း




ဒီတခါတော့ ထမင်းစားလို့မိန်စေအုံးမဲ့ ကင်ပွန်းချဉ်ရွက်ကို လွယ်ကူမြန်ဆန် ချဉ်ရည်ဟင်းလေးတမယ် ချက်ပါတယ် အချိန်သိပ်မကုန်တဲ့အတွက်  ချက်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ
  • အရိုးထွင်ပြီးသား ကင်ပွန်းချဉ်ရွက် - အနေတော် ဇကာတလုံး
  • ကြက်သွန်နီ - တခြမ်း
  • ကြက်သွန်ဖြူ - နှစ်မွှာ
  • ချင်း - လက်တဆစ်၏ တဝက်
  • ငရုတ်သီးမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  • ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း
  • ငံပြာရည် - ထမင်းစားဇွန်း သုံးဇွန်းခွဲ
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • ပုဇွန်ထုတ် - ၇ကောင် (ပုဇွန်ထုတ်မရှိလဲ တခြား နှစ်သက်ရာ ငါးတို့ကို ထည့်ချက်နိုင်ပါတယ်)
ပြင်ဆင်ပုံ
  1. ကင်ပွန်းချဉ်ရွက်အားလုံးကို အခက်လိုက် ရေဆေးပြီး အရိုးထွင်ထားပါ
  2. ပုဇွန်ထုတ်များကို အခွံခွာပြီး ကြောဖက်မှ အနည်းငယ်ခွဲကာ အမည်းကြောင်း ထုတ်ပေးထားပါ
  3. ကြက်သွန်ဖြူ ကြက်သွန်နီ ချင်းတို့ကို ငရုတ်သီးမှုန့်နှင့် ညက်နေအောင်ရောပြီး ထောင်းထားပါ
  4. ဇောက်နက်သောအိုးထဲမှာ ကင်ပွန်းချဉ်ရွက်များ ပုဇွန်များ နနွင်းမှုန့်  ငံပြာရည် အရသာမှုန့် ဆီနှင့် ငရုတ်သီးထောင်းတို့ကိုထည့်ပြီး နယ်ပေးပါ
  5. အရသာနယ်ပြီးပါက ရေအနည်းငယ်ထည့်ပြီး အရင်ဆုံး ရေဆူအောင်တည်လိုက်ပါ
  6. ရေဆူလာတာနဲ့ အထက်အောက် သမအောင်မွှေပေးပြီး အဖုံးအုပ်ကာ ပြန်တည်ထားပါ
  7. အရွက်များ တော်တော်လေး နွမ်းလာတာနဲ့ ရေလိုသလောက်ထည့်ပြီး ပွက်ပွက်ဆူအောင် ပြန်တည်ပေးပါ
  8. ရေလဲပွက်ပွက်ဆူ အရွက်များလဲ နူးလာပြီဆိုရင်တော့ ရေကို တမိနစ်လောက် ထပ်ဆူအောင်ထားလိုက်ပါ ပြီးတာနဲ့ အရသာမြည်း၍ မီးပိတ်ပေးပါ
  9. ချဉ်ရည်ဟင်းက ချဉ်နေသေးတယ် ဆိုရင်တော့ ဆားက ဟင်းရည်အချဉ်ကို ပိုစူးစေတဲ့အတွက် ဆားမထည့်ဘဲ ငံပြာရည်ဘဲ ထည့်ဖို့သတိပြုပါ
  10. လိုအပ်တဲ့ အရသာ ပြင်ပေးပြီးရင်တော့ ချဉ်ငံစပ် အရသာမွှေးမွှေးလေးနဲ့ ကင်ပွန်းချဉ်ရွက် ချဉ်ရည်ဟင်းရပါပြီ
  11. ငရုတ်သီးဆားထောင်းနဲ့ အရမ်းလိုက်ဖက်တဲ့ ချဉ်ရည်ဟင်းတမယ်အတွက် စားသုံးရန် ပြင်ဆင်နိုင်ပါပြီ။

No comments:

Post a Comment